■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ​တွေ့ဆုံ​ဆွေး​နွေး

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ​တွေ့ဆုံ​ဆွေး​နွေး
Published 22 June 2026

မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူထမ်းဆောင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့(ဇွန် ၂၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့​ကြောင်း သိရသည်။

အဆိုပါ​တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အဆွေတော်နှင့် ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ကြောင်းနှင့် မြန်မာနိုင်ငံမှ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်းမ်စတက်အဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး အဖွဲ့ကြီးကိုရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အောင်မြင်မှုမှတ်တမ်းများလည်း များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ဘင်းမ်းစတက်အဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်သည့် အဖွဲ့ကြီးဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင် အဆွေတော်အနေဖြင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ခုဖြစ်စေရေး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်က အဆွေတော်သမ္မတကြီးနှင့် ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော်တို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် အဆွေတော်သမ္မတ အဖြစ်ရွေးကောက်ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အဆွေတော်ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက်များစွာ ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ပြည်ပခရီးစဉ်များ သွားရောက်ခြင်းဖြင့် ဒေသတွင်းဆက်ဆံရေးကိုလည်း ပိုမိုတိုးတက်အားကောင်းလာစေမည်ဟု မိမိအနေဖြင့် ယုံကြည် ပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ အနာဂတ်သည် ပွင့်လင်းလာပြီဖြစ်ပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအတွင်း၌လည်း မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နံပါတ် ၁ နေရာတွင်ရှိပါကြောင်း၊ ဘင်းမ်စတက် အဖွဲ့ကြီးအနေဖြင့်မကြာမီကာလအတွင်း ဦးဆောင်အစည်းအဝေးများနှင့် အခြားသော လှုပ်ရှားမှုများစွာကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့အတွင်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်သည့် ကုန်းတွင်း ပိတ်နိုင်ငံများဖြစ်သော နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူထမ်းဆောင်ရမည်ဖြစ်ပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ချိန်၌ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၊ ပြည်သူများအချင်းချင်း ဆက်ဆံရေးနှင့် ကူးလူး ဆက်ဆံမှုများ ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent