ဒိုမီနီကန်နိုင်ငံရှိ ကမ်းခြေဟိုတယ်တစ်ခု မီးလောင်မှု​ကြောင့် လူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ​ရွှေ့​ပြောင်းခဲ့ရ

ဒိုမီနီကန်နိုင်ငံရှိ ကမ်းခြေဟိုတယ်တစ်ခု မီးလောင်မှု​ကြောင့် လူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ​ရွှေ့​ပြောင်းခဲ့ရ
Published 20 June 2026
Ref –Reuters

ဒိုမီနီကန်သမ္မတနိုင်ငံ ဘာယာဟီဘီ ကမ်းခြေအပန်းဖြေစခန်းရှိ ဟိုတယ်တစ်ခုတွင် အကြီးအကျယ်မီးလောင်ကျွမ်းခဲ့ရာ နိုင်ငံခြားသားတိုးရစ် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူပေါင်း ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသအာဏာပိုင်များက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်း ဟိုတယ်ပေါင်း ၈,၄၀၀ ခန့် လည်ပတ်လုပ်ကိုင်နေသည့် ဝင်ဒမ်ဟိုတယ်နှင့် အပန်းဖြေစခန်းများ (Wyndham Hotels and Resorts) အုပ်စုဝင် ဗီဗာ ဝင်ဒမ် ဒိုမီနီကတ်စ် ကမ်းခြေဟိုတယ်တွင် မီးလောင်ခဲ့​ခြင်းဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် အီတလီအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ လူသုံးဦးကို ဆေးရုံပို့လိုက်ရပြီး နောက်ခြောက်ဦးကို ဟိုတယ်၌ပင် ဆေးကုသပေးခဲ့ရသည်။

မီး​ကူးစက်မှု ​​မြန်ဆန်ခဲ့ရခြင်းက အမိုးဖွဲ့စည်းပုံမှာ ထန်းရွက်များဖြင့် တည်ဆောက်ထားသည့်အတွက် မီးလောင်လွယ်သည့် သဘာဝရှိပြီး လေတိုက်နှုန်းကြောင့်လည်း  မီးကူးမြန်ခဲ့သည်ကို စစ်ဆေးတွေ့ရသည်။မီး​ကြောင့် ဟိုတယ်ဧည့်သည်များကို အနီးနားရှိ ဟိုတယ်များသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

ရေပြင်ကြည်လင်မှုနှင့် သဲသောင်ပြင်ဖြူများဖြင့် နာမည်ကျော်သည့် ဒိုမီနီကန်သမ္မတနိုင်ငံသည် ကာရေဘီယံဒေသတွင် ကမ္ဘာလှည့်ခရီးသွားများ အ​လာအများဆုံး ထိပ်တန်းနေရာတစ်ခုဖြစ်သည်။

Photo - Reuters

Most Read

Most Recent