ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါ လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါ အထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center)သို့ ၂၀၂၆ ခုနှစ် မေလ က ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာများဖြစ်သည့် သာပေါင်းမြို့နယ်မှ ၃၈ နှစ် အရွယ် အမျိုးသမီး၊ လှိုင်မြို့နယ်မှ ၅၇ နှစ်အရွယ် အမျိုးသမီး၊ ကျောက်ဆည်မြို့နယ်မှ ၄၇ နှစ်အရွယ် အမျိုးသားနှင့် ရွှေဘိုမြို့နယ်မှ ၅၃ နှစ်အရွယ် အမျိုးသား၊ စုစုပေါင်း ခြင်ဆီကင်ဆာလူနာ လေးဦးအား ခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး လူနာများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဇွန် ၁၂ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်။
အဆိုပါခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် တွင် (၁၀) ဦး နှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ရှစ်ဦး စုစုပေါင်း (၃၃)ဦးကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးအတွက် ကုန်ကျစရိတ် သက်သာစေရေး ပြည်တွင်း၌ပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။















