မွန်ပြည်နယ်အတွင်း လုံခြုံရေးအကြောင်းပြ စစ်ဆေးရေးဂိတ်များစွာရှိနေပြီး မမှန်မကန်ဆောင်ရွက်နေကြသည့် ဂိတ်များစွာရှိနေသည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်များကိုလည်း ငွေကြေးအဆမတန်တောင်းခံနေကြောင်း ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်၊ တရားမဝင်ဂိတ်များ၊ တရားမဝင်ဖမ်းဆီးရေးအဖွဲ့များမှ ဥပဒေနှင့် မညီသော ငွေကြေးတောင်းခံနေမှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများနှင့်အညီ ထိရောက်စွာစိစစ်အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူများကြုံတွေ့ခံစားနေရသည့်ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် နေ့စဉ်ကုန်စည်စီးဆင်းသွားလာမှုများတွင် အဟန့်အတားဖြစ်စေသည့် တရားမဝင်စစ်ဆေးရေးဂိတ်များ၊ တရားမဝင်ဖမ်းဆီးရေးအဖွဲ့များမှ ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများရှိနေပါတယ်။ မွန်ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေများကြောင့် တချို့နေရများတွင် လုံခြုံရေးအဖွဲ့များ စစ်ဆေးရေးဂိတ်များထားရှိထားတာကို သိရှိရပါတယ်။ ထိုသို့ထားရခြင်းမှာလည်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် ထားရှိတယ်ဆိုတာသိရှိပါတယ်။ သို့သော် တချို့နေရာများတွင် လုံခြုံရေးအကြောင်းပြပြီး လိုသည်ထက်ပိုနေသည့်ဂိတ်များရှိနေသလို မမှန်ဆောင်ရွက်နေကြတာမျိုးလည်းရှိနေပါတယ်။ တချို့သောဂိတ်များ၊ လုံခြုံရေးအဖွဲ့များသည် လူစီးယာဉ်များအား စစ်ဆေးရာတွင် လုံခြုံရေးနှင့်မသက်ဆိုင်သည့် အကြောင်းအရာများကို အကြောင်းပြပြီး ပြည်သူများထံမှ ငွေကြေးများတောင်းခံခြင်း၊ ဒေသတွင်းထွက်ကုန်များသယ်ယူပို့ဆောင်နေသောယာဉ်များမှ မျှော၊ စာရွက်စာတမ်းများတောင်းခံခြင်း၊ မပြနိုင်လျှင် ကားများအား အချိန်ကြာမြင့်စွာရပ်တန့်ထားစေခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိနေပါသည်။ ထိုလုပ်ရပ်များကြောင့် လမ်းတံတားများဖြတ်သန်းချိန်နောက်ကျပြီး ကုန်စည်ဒိုင်များသို့ အချိန်မီကုန်များမရောက်ရှိသည့်အတွက်ကြောင့် ကုန်သည်များ၊ ဒေသထွက်ကုန်စိုက်ပျိုးရောင်းချသူများအနေဖြင့် ဆုံးရှုံးမှုများစွာရှိကြောင်းကို သိရပါတယ်” ဟု ဦးသန့်ဇော် ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အချို့သောနေရာများ၌ မည်သည့်ဂိတ်၊ မည်သည့်အဖွဲ့အစည်းမှန်းမသိရတဲ့လူတွေက တားဆီးကာငွေကြေးတောင်းခံနေကြသည်ကိုလည်း သိရှိရပါတယ်။ မွန်ပြည်နယ်အတွင်းမှာ ဂိတ်တွေအရမ်းများနေပါတယ်။ ငွေကြေးပေးရတာလည်း အရမ်းများပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း၏အချက်တစ်ချက်မှာ လမ်းကြေးကုန်ကျမှုများအား ရောင်းကုန်တွင် ထည့်တွက်ကြရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ရာကျပ်တန်သည့်ပစ္စည်းမှာ လမ်းကြေးကုန်ကျစရိတ်တစ်ရာကျပ်ထည့်ပေါင်းလိုက်ရသည့်အတွက် နှစ်ရာကျပ်ဖြစ်သွားပါတယ်။ ဒါ့ကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်သွားရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် ဒေသတွင်းထွက်ကုန်ဖြစ်သည့် ရာသီပေါ်သီးနှံများကို လုံခြုံရေးဂိတ်အမည်ခံများက ငွေကြေးအဆမတန်တောင်းခံနေကြသည်ကိုဒေသခံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသူများနှင့် သီးနှံသယ်ယူပို့ဆောင်နေသည့်လုပ်ငန်းလုပ်ကိုင်နေကြသူများအနေဖြင့်စားဝတ်နေရေးထိခိုက်နေသည်များကို တင်ပြလာမှုများရှိပါကြောင်း ၎င်းကဆိုသည်။
“မွန်ပြည်နယ်တောင်ဘက်စွန်းက ရေးမြို့နယ်သည် လုံခြုံရေးအခြေအနေမကောင်းမွန်မှုကြောင့် သွားလာရေး၊ ကုန်စည်စီးဆင်းမှုအလွန်ခက်ပြီး၊ ကုန်ဈေးနှုန်းလည်းအခြားမြို့များထက်ကြီးမြင့်နေတာကိုသိရပါတယ်။ ထိုဒေသ၏အဓိကထွက်ကုန်မှာ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကွမ်းသီးများဖြစ်ပါတယ်။ ထိုဒေသရှိ တိုင်းရင်းသားများမှာ ရာသီဒေသထွက်ကုန်အပေါ်မှီခိုလုပ်ကိုင်နေကြရသူများဖြစ်ပါတယ်။ ရေးမြို့နယ်ဒေသထွက်ကုန်သီးနှံများကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များသို့ မော်တော်ယာဉ်များဖြင့်သွားရောက်ရောင်းချကြရပါတယ်။ မကြာမီအချိန်ကာလက နယ်စပ်က တရားမဝင်တင်သွင်းလာမယ့် သီးနှံတွေကိုတားဆီးပိတ်ပင်ခဲ့ပါတယ်။ ဖမ်းဆီးအရေးယူခဲ့တာတွေလည်းရှိပါတယ်။ ယခုအခါ ဒေသထွက်ကုန်သီးနှံများကို ရေးမြို့နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ရာမှာ လမ်းတစ်လျှောက်လုံခြုံရေးအမည်ခံ ချထားသည့် ဂိတ်များက မျှောစာများတောင်းယူခြင်း၊ မပြနိုင်ပါက ငွေကြေးတောင်းယူခြင်း၊ အချိန်ကြာမြင့်စွာရပ်တန့်ထားစေခြင်းများလုပ်ဆောင်ကြပါတယ်” ဟု ဦးသန့်ဇော်က ပြောကြားည်။
၎င်းကဆက်လက်ပြီး “ထို့ကြောင့် ရန်ကုန်ဈေးကွက်သို့ သတ်မှတ်ချိန်အမီမရောက်သဖြင့် သီးနှံများပျက်ဆီးရခြင်း၊ ငွေကြေးတောင်းခံမှုများကြောင့် မိသားစုစားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေကြရပါတယ်။ ထို့ကြောင့် မိမိတို့ဒေသထွက်ကုန်များအား လမ်းတစ်လျှောက်လုံခြုံရေးဂိတ်များက ငွေကြေးအဆမတန်တောင်းခံမှုများကြောင့်ဒေသခံစီးပွားရေးလုပ်ကိုင်နေကြသူများအခက်အခဲများဖြစ်ပေါ်နေသလို အခြားဒေသများမှ ပြည်သူများကလည်း မွန်ပြည်နယ်မှထွက်ရှိသည့် သီးနှံများကိုဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေကြရပါတယ်” ဟု ပြောကြားသည်။
“ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ပေးစေလိုပါကြောင်း၊ ငွေကြေးအဆမတန်တောင်းခံသူများကိုလည်း သေခြာစိစစ်စေလိုပါကြောင်းနှင့် မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များ၊ တရားမဝင်ဂိတ်များ၊ တရားမဝင်ဖမ်းဆီးရေးအဖွဲ့များအား ဥပဒေနှင့်မညီသော ငွေကြေးတောင်းခံမှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် ထိရောက်စွာ အရေးယူပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါတယ်” ဟု ဦးသန့်ဇော်က ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းစစ်ဆေးရေးဂိတ် (၅) နေရာအပါအဝင် စုစုပေါင်းလုံခြုံရေး (၄၀) နေရာရှိကြောင်း၊ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများဖမ်းဆီးအရေးယူမှုများကို ပူးပေါင်းစစ်ဆေးရေးဂိတ် (၅) နေရာတွင် တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ပြည်သူလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနများ ပူးပေါင်းပါဝင်တဲ့ အဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ဦးသန့်ဇော် ၏ မေးခွန်း မေးမြန်းမှုအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး နိုင်လယိတမ ကပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့သည်။
အတ္ထရံမြစ်အရှေ့ဘက်ခြမ်းကိုဖြတ်သန်းလာသည့် နယ်စပ်မှကုန်စည်းများသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းလုံခြုံရေးအကြောင်းပြချက်ဖြင့်ဖွင့်လှစ်ထားသည့် ဂိတ်ပေါင်း (၃၅) ဂိတ်ကိုဖြတ်သန်းရပါကြောင်းနှင့် မြဝတီနှင့် ဘုရားသုံးဆူဒေသဘက်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်လာသည့် တရားဝင်ကုန်ပစ္စည်းများအပေါ်ငွေကြေးတောင်းခံနေသည့် ကျိုက်မရောမြို့နှင့် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ကြား တရားမဝင်ဂိတ်ပေါင်း တစ်ရာနီးပါးရှိနေသည်ဟု သိရကြောင်းလည်း ဦးသန့်ဇော် ၏ ပြောကြားချက်များအရ သိရသည်။















