ရေကြည်မြို့၊ ဆင်ကူးချောင်းတစ်ဖက်ကမ်း ကျေးရွာမှ ဆွမ်းချိုင့်ယူပြီး ပြန်လာစဉ် ဝါးဖောင်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် ကိုရင်တစ်ပါး ရေနစ်၍ ပျံလွန်တော်မူ

ရေကြည်မြို့၊ ဆင်ကူးချောင်းတစ်ဖက်ကမ်း ကျေးရွာမှ ဆွမ်းချိုင့်ယူပြီး ပြန်လာစဉ် ဝါးဖောင်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် ကိုရင်တစ်ပါး ရေနစ်၍ ပျံလွန်တော်မူ
Published 17 June 2026

 ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့၊ ဆင်ကူးချောင်းတစ်ဖက်ကမ်း ကျေးရွာမှ ဆွမ်းချိုင့်ယူပြီး ပြန်လာစဉ် ဝါးဖောင်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် ကိုရင်တစ်ပါး ရေနစ်၍ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းက ဖြစ်ပွါးခဲ့ကာ အလောင်းကို ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကိုရင်က ဖောင်ပေါ်က ပြုတ်ကျသွားတာပေါ့။ ဘုန်းကြီးကျောင်းသားတစ်ဦး အတူပါပေမယ့် မိုးရော လေရောသည်းနေတော့ ကစဉ်ကလျားဖြစ်သွားကြတာပေါ့။ တစ်ဖက်ကမ်းအစပ် ပြန်အထွက်နားမှာဖြစ်တာပါ။ အလောင်းကို ရင်ခွဲရုံမှာလည်း စစ်ဆေးပြီးပါပြီ။ ရေနစ်တာအမှန်ပါပဲ။ ကျန်တဲ့ပယောဂမရှိပါဘူး။ ချောင်းရေကနက်ပါတယ်။ မနေ့က ညနေပိုင်းမှာ ရေနစ်တယ်လို့ သိသိချင်း ကျွန်တော်တို့ သွားရောက်ရှာဖွေခဲ့ပါတယ်။ ညပိုင်းထိ နည်းလမ်းပေါင်းစုံနဲ့ရှာတာမတွေ့ခဲ့ဘူး။ ဒီနေ့မနက်ပိုင်း မြင်မြင်ထင်ထင်အချိန်မှာ အရပ်သားတွေရော ကျွန်တော်တို့ရော ဆက်လက်ပူးပေါင်းရှာဖွေပါတယ်။ မနက်(၉)နာရီ (၄၅)မိနစ်လောက်ကျမှ အလောင်းကိုရှာတွေ့ခဲ့ပါတယ်။ မှောက်လျက်အနေအထား တွေ့ခဲ့တာပါ”ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ဖြေကြားသည်။

 “ကျွန်တော်တို့အဖွဲ့ ကူညီနိုင်ဖို့ ညတုန်းကလည်း သွားခဲ့ပါတယ်။ အလောင်းကိုတော့ ဒီမနက်ပိုင်းမှာမှတွေ့ခဲ့ကြတာပါ။ ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်။ အဲဒီ့နောက် ရေခဲခေါင်းနဲ့ဘုန်းကြီးကျောင်းကို ပြန်ပို့ပေးခဲ့ပါတယ်”ဟု ကရုဏာလူမှုကူညီရေးအသင်း(ရေကြည်မြို့)မှစေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

ရေနစ်၍ ပျံလွန်တော်မူခဲ့သည့် ကိုရင်မှာ ဗထူးရပ်ကွက်၊ မြို့ပတ်လမ်းရှိ တေဇာရာမပိးယတ္တိစာသင်တိုက်တွင် သီတင်းသုံးသည့် အသက်(၁၆)နှစ်အရွယ် ရှင်အဂ္ဂဝံသဖြစ်ပြီး ၄င်းမှာ ကုလားစုရွာ၊ ယိုးဒယားတက်အုပ်စု၊ အသုတ်မြို့မှ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent