နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းတို့သည် ယနေ့(ဇွန် ၁၆ ရက်) ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမ ပထမထပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှုကို တရားဥပဒေစိုးမိုးမှုနှင့်အညီ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာ့လယ်ယာနှင့် MSME ထုတ်ကုန်များအတွက် Quarantine စံနှုန်း ဆိုင်ရာ နည်းပညာပံ့ပိုးမှုမြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တိုး မြှင့်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် တည်ငြိမ်သည့်စွမ်းအင်စနစ်တည်ဆောက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာပိုင်းတို့တွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ လိုအပ်သည် များ ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့်စီမံကိန်းဖြစ်သည့်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးတို့အပါအဝင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါ လာကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိ သူများတက်ရောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















