မဲဆောက်ခရိုင် အုပ်ချုပ်ရေးဌာနသည် မဲဆောက် အကောက်ခွန်ဌာနနှင့် သက်ဆိုင်ရာ ဌာနခွဲများ ပူးပေါင်း၍ တရားမဝင်ကုန်ပစ္စည်းများနှင့် သိမ်းဆည်းရမိပစ္စည်းများကို တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် မဲဆောက် အကောက်ခွန်ဌာနတွင် စနစ်တကျ မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းထိုင်းသတင်းဌာနများ၌ဖော်ပြထားသည်။
တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းမှု ပိတ်ဆို့တားဆီးရေးနှင့် သိမ်းဆည်းရမိသော ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ပြန်လည် မရောက်ရှိစေရေးတို့အတွက် ဆောင်ရွက်သည့် အစီအမံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏စီးပွားရေး၊ ပြည်သူ့ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟုဆိုသည်။
ထိုင်း အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက အခွန်ရှောင် ကုန်ပစ္စည်းများ မူပိုင်ခွင့်ကို ချိုးဖောက်သည့် ကုန်ပစ္စည်းများနှင့် တရားမဝင် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေသည့်အပြင် ဆက်နွယ်နေသူများသည် ဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရနိုင်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်သူများသည် ယုံကြည်စိတ်ချရသော ရောင်းချသည့် နေရာများမှ ကုန်ပစ္စည်းများကို ဝယ်ယူရန်၊ အသိအမှတ်ပြုတံဆိပ်များနှင့် ကုန်ပစ္စည်းများ၏ မူရင်းရင်းမြစ်ကို ရှင်းလင်းစွာ စစ်ဆေးရန် လိုအပ်သည်။ ၎င်းသည် မိမိတို့၏ လုံခြုံရေးအတွက်သာမက ဥပဒေနှင့်အညီ မှန်ကန်သော ကုန်သွယ်မှုကို အားပေးကူညီရန် ဖြစ်သည်ဟုဆိုသည်။
Photo ..Thai News















