PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဇွန် ၁၂ ရက်က တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် ရွှေတောင်မြို့မှ အမျိုးသား ၂ ဦး၊ ရေတာရှည်မြို့မှ အမျိုးသား ၂ ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ နေပြည်တော်ကောင်စီနယ်မြေမှ အမျိုးသား ၁ ဦး၊ တောင်ကုတ်မြို့မှ အမျိုးသား ၁ ဦး၊ တာမွေမြို့နယ်မှ အမျိုးသား ၁ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၁ ဦး၊ သဲကုန်းမြို့မှ အမျိုးသား ၁ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၁ ဦး၊ တိုက်ကြီးမြို့မှ အမျိုသား ၁ ဦး၊ ပုသိမ်မြို့မှ အမျိုးသား ၁ ဦး၊ ဇလွန်မြို့မှ အမျိုးသား ၁ ဦး၊ ဒိုက်ဦးမြို့မှ အမျိုးသား ၁ ဦး၊ မြင်းမူမြို့မှ အမျိုးသမီး ၁ ဦး၊ နတ်မောက်မြို့မှ အမျိုးသမီး ၁ ဦး၊ ပန်းတောင်းမြို့မှ အမျိုးသမီး ၁ ဦး၊ ဇီးကုန်းမြို့မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦး တို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 သေနတ် ၁ လက်၊ MA-2 သေနတ် ၁ လက်၊ M-16 သေနတ် ၂ လက်၊ M-4 သေနတ် ၄ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၂၀ တောင့်၊ ကျည်အိမ် ၇ ခု၊ အမ် ၄ ကျည် ၁၂၀ တောင့် နှင့် အမ် ၁၆ ကျည် ၁၇ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၈ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၀၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်း၊ ရှေ့ထွက်မိုင်း ၁ လုံးအတွက် ဆုကြေးငွေ ၃ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၂၃ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီ ပေးအပ်ကာ ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။















