ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုများအပေါ် ကောက်ခံသော အခွန်များ၏ ကင်လွတ်ခွင့်ကာလကို တစ်လထပ်မံတိုးမြှင့်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် စက်သုံးဆီ(ဒီဇယ်ဆီ) အသုံးပြု မောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက် ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ဒီဇယ်ဆီ HSD(500 ppm) တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကို ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအခွန် ကင်းလွတ်ခွင့်ကာလကို ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံ၍တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခွန်ကင်းလွတ်ခွင့်သည် ဇွန် ၃၀ ရက်အထိအကောက်ခွန်ဦးစီးဌာန၌ Import Declaration(ID)ဖွင့်လှစ်၍ တင်သွင်း သည့် ဒီဇယ်ဆီ HSD (500 ppm) အပေါ်အကျုံးဝင်စေမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှု စရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကို ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအခွန်ကင်းလွတ်ခွင့်ကို ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံ၍တိုးမြှင့်ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခွန်ကင်းလွတ်ခွင့်သည် ဇွန် ၃၀ ရက်အထိအကောက်ခွန်ဦးစီးဌာန၌ Import Declaration(ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျုံးဝင်စေမည်ဖြစ်ကြောင်း သိရသည်။
ထိုနည်းတူ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေချိန်တွင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခ ဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုသွား မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအခွန်ကင်းလွတ်ခွင့်ကို ဇွန် ၁ ရက်နေ့မှ ၃၀ ရက်အထိ ထပ်မံ၍တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ အခွန်ကင်းလွတ်ခွင့်သည် ၃၀-၆-၂၀၂၆ ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၌ Import Declaration(ID)ဖွင့်လှစ်၍ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်အပေါ် အကျုံးဝင်စေမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။















