ထန်တလန်နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်

ထန်တလန်နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်
Published 11 June 2026

ထန်တလန်နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ CNF ၊ CDF ပူးပေါင်းအဖွဲ့များသည် ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး ဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ကာ ထန်တလန်မြို့အား ယာယီစိုးမိုးထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူအဖွဲ့များအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး CNF ၊ CDF များ ယာယီထိန်းချုပ်ထားခဲ့သည့် ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ထိန်းချုပ်ပြီး ထန်တလန်ဒေသရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း သောင်းကျန်းသူများက အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ကာ အဆိုပါဒေသရှိ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်တားဆီးနှောင့်ယှက်မှုများကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ရွာများအား ပြန်လည်တိုက်ခိုက်ထိန်းချုပ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်၍ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ထို့အတူ ထန်တလန်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် အဆိုပါလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဇွန် ၄ ရက်မှစ၍ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ပွိုင့် ၁၉၂၁ တောင်ကုန်းအား ဇွန် ၆ ရက်တွင်လည်းကောင်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းအား ဇွန် ၇ ရက်တွင်လည်းကောင်း၊ တာဝါတိုင်ကုန်းစခန်းအား ဇွန် ၈ ရက်တွင်လည်းကောင်း အဆင့်ဆင့်သိမ်းပိုက်ခဲ့ပြီး ဇွန် ၉ ရက် ညနေပိုင်းတွင် သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကာ ဒေသတွင်းကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိပြန်လည်အသုံးပြု သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်နှင့်အညီ အဆိုပါဒေသများအတွင်း တိုက်ပွဲများကြောင့် ခေတ္တရှောင်တိမ်းနေထိုင်ခဲ့ကြသည့် နေရပ်စွန့်ခွာဒေသခံပြည်သူများ မိမိတို့အရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယိုယွင်းပျက်စီးခဲ့ရသည့် ဒေသတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent