မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရေဆာ လာဇာရိုက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို သိရှိဖို့နဲ့ ကျွန်မတို့ဘက်က ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို ရှာဖွေဖို့အတွက် တချို့သော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်" ဟု လာဇာရိုက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် Nikkei က ကြီးမှူးကျင်းပသည့် ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည်။
သို့သော်လည်း လာဇာရိုက သူသည် မည်သည့်အဖွဲ့အစည်းများနှင့် မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည့် အသေးစိတ်အချက်အလက်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘဲ အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။
■ Ref:Reuters
■ Photo: AFP















