ရန်ကုန်မြို့တွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးလျက် ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ယင်းအမှုအား စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့ရှိ သံတမန်အသိုက်အဝန်းက ပြောကြားခဲ့သည်ဟု NBC News သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ အမေရိကန်အရာရှိများနှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့က ယခုအမှုနှင့်ပတ်သက်သည့် မေးခွန်းများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့သာ လွှဲပြောင်းပေးခဲ့ကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရန်ကုန်မြို့ရှိ သံရုံးတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးမှုကို အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အေပီသတင်းဌာန၏ မေးမြန်းချက်များကို အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားရာတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် ချစ်ခင်ရသူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားသည့်အနေဖြင့် လက်ရှိအချိန်တွင် ထပ်မံထုတ်ပြန်ပေးမည့် သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိသေးကြောင်း ဖော်ပြခဲ့သည်။
အမည်မဖော်လိုသည့် မြန်မာနိုင်ငံရှိ သံတမန်အသိုက်အဝန်းမှ ပုဂ္ဂိုလ်သုံးဦး၏ ပြောပြချက်အရ သေဆုံးသူအမျိုးသားကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က ရန်ကုန်မြို့ရှိ Sakura Residence & Hotel တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရေရှည်ငှားရမ်း နေထိုင်နိုင်သည့် အဆိုပါ နေရာသည် သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားနိုင်ငံတကာမှ လာရောက်လည်ပတ်သူများအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး အမေရိကန်သံရုံးနှင့် ၁ ဒသမ ၅ ကီလိုမီတာ (၁ မိုင်ခန့်) ကွာဝေးသော နေရာတွင် တည်ရှိသည်။
ရဲတပ်ဖွဲ့အနေဖြင့် ယခုအမှုကို လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သံတမန်အသိုက်အဝန်းမှပုဂ္ဂိုလ်များက ဆက်လက်ပြောကြားခဲ့သည်။
Ref: NBC News
Photo- AP















