နိုင်ငံသား စိစစ်ရေးကတ်ပြား နံပါတ် ထပ်နေသူများ သက်ဆိုင်ရာ မြို့နယ် ရုံးတွင် ဆောင်ရွက်ပါက စိစစ်ကူညီဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီး ဖြေကြားခဲ့သည်။
နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ထပ်နေသူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်သို့ ဆောင်ရွက်ပေးမည် ဆိုသော မေးခွန်း ကို နားဖန်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၁) မှ ဦးစိုင်းအောင်မြင့် က မေးမြန်းခဲ့ခြင်း ဖြစ်ကာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ မေးခွန်းများကို မေးမြန်း ဖြေကြားခဲ့သည်။
လ၀က အနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ ၁၉၈၅ ခုနှစ် မတ်လ ၁ ရက်တွင် စတင်၍ နိုင်ငံသား အရည်အချင်း ပြည့်မှီသူများကို နိုင်ငံသား စီစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးနိုင်ရေး အတွက် ၁၉၈၉ ခုနှစ် စတင်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ကွင်းဆင်း ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းပမာဏ များပြားခြင်း၊ သတ်မှတ် ကာလ အတွင်း လုပ်ငန်း အချိန်မှီ ပြီးစီးစေရေး အတွက် မြို့နယ်များရှိ ဌာနဆိုင်ရာများ လုပ်အားပေးများ အကူအညီဖြင့် ဆောင်ရွက်ခဲ့ရာအ ချို့ မြို့နယ်များတွင် နိုင်ငံသား ကတ်ပြား တစ်ခု၊ သို့မဟုတ် တစ်ဦးထက် ပိုပြီးနိုင်ငံသား ကတ်ပြားများ ထုတ်ပေးခဲ့မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ မဲဆန္ဒရှင် စာရင်းများ မှန်ကန်စေရေး အတွက်လည်း မြို့နယ်ရုံးများတွင် နိုင်ငံသား ဧည့်နိုင်ငံသား ၊ နိုင်ငံသား ဖြစ်ခွင့် ရသူများ ၏ ကိုယ်ရေး အချက်အလက်များ၊ အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ (၆၆/၆) သို့ EID Software တွင် Main Sarvar မှာ ထည့်သွင်းပြီး နိုင်ငံသား နံပါတ် တစ်ခုထဲအား တစ်ဦးထက်ပိုမို ထုတ်ပေးထားခြင်း ၊ လူတစ်ဦး ထဲက နိုင်ငံသား ကတ်ပြား တစ်ခုထက်ပိုမို ကိုင်ဆောင်ခြင်း ၊ အိမ်ထောင်စု စာရင်း တစ်နေရာ ထက်ပိုမို ပါရှိမှုများအား စိစစ်တွေ့ရှိရသဖြင့် ၊ တစ်ခုထက်ပိုမို ကိုင်ဆောင်ထားသူများ ၊ အနေဖြင့် ၎င်းတို့ အသုံးပြုသော နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေ စာရင်းကို လုပ်ထုံး လုပ်နည်းနှင့် အတူ အခြေပြုပြီး တစ်ခုထက် ပိုမို ကိုင်ဆောင်ထားသော နိုင်ငံသား စိစစ်ရေး ကတ်ပြားအား ၁-၁၁-၂၀၂၂ ရက်နေ့ မတိုင်မီ အပ်နှံရန် မိဘပြည်သူများကို အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ လာရောက်အပ်နှံခြင်း မရှိသူများကိုလည်း လုပ်ထုံးလုပ်နည်းနှင့် အညီ နိုင်ငံသား အမှတ် နှင့် အိမ်ထောင်စု စာရင်းအား အတည်ပြုခြင်း ၊ ပယ်ဖျက်ခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆိုသည်။
မဲစာရင်းမှန်ကန်စေရေး အတွက်ကိုလည်း လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ အပိုဒ် ၅ (က) အရ ၊ နည်းဥပဒေ အပိုဒ် ၈ (ခ) အရ မဲစာရင်းပြုစုရပြီး၊ မဲစာရင်းများ ကြေညာခြင်း မပြုမှီ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ သည် မြို့နယ် ထွေအုပ်ဌာန၊ မြို့နယ် လ၀က ဌာန မြို့နယ် ဦးစီးမှူးရုံး၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ နှင့် သက်ဆိုင်ရာ မြို့နယ် ရှိ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ် တစ်ဦးဖြင့် မဲစာရင်းများ စစ်ဆေးခဲ့ပါကြောင်း ၊ မဲစာရင်းတွင် ကျန်ရှိသူ များ မရှိပါက နည်းဥပဒေ အပိုဒ်(၉) ၊ အပိုဒ် (၁၀) (က) အရ ၊ မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုလွှာ ပုံစံ ၃(က) တို့ဖြင့် လျှောက်ထားစေပြီး မဲစာရင်း အမည် ထည့်သွင်း ပေးခဲ့ပါကြောင်း၊ နိုင်ငံသား နံပါတ် တစ်ခုအား လူတစ်ဦးထက်မက ကိုင်ဆောင်မှု ဖြစ်စဉ် ဖြစ်ပွားမှုများ ကြောင့် ကာယကံရှင်များ၏ အလုပ်အကိုင် လူမှုရေး စီးပွားရေး ကိစ္စများ ထိခိုက်ဆုံးရှုံး နစ်နာမှု များ မဖြစ်ပေါ် စေရေး အတွက် ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေး ကတ်ပြားများ သည် လုပ်ထုံးလုပ်နည်း နှင့် အညီ ထုတ်ပေးထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး မှန်ကန်သူအား နိုင်ငံသား စိစစ်ရေး ကတ်ပြား နံပါတ် အတည်ပြုပေးခြင်း ၊ နိုင်ငံသား နံပါတ် တစ်ခု ထဲအား ကိုင်ဆောင်သူ ၂ ဦးအား အမြန် ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိုင်ငံသား နံပါတ် အတည်ပြုပေးခြင်း ၊ ကျန်တစ်ဦးအား နိုင်ငံ နံပါတ် အသစ် ဆောင်ရွက်ပေးပြီး UID ကောက်ယူခြင်း ၊ နိုင်ငံသား နံပါတ် သစ် ထုတ်ပေးထားသူ၏ လူမှုရေး စီးပွားရေး လုပ်ငန်းတို့မှာ အဆင်ပြေ ချောမွေ့စေရေး အတွက် ကတ်ပြား နောက်ကျောတွင် ယခင် နံပါတ် အဟောင်းအား ထည့်သွင်းပေးခြင်း ၊ တရားဝင် ရုံးစာဖြင့် ထောက်ခံပေးခြင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ဆိုသည်။ နိုင်ငံရေး စိစစ်ရေး ကတ်ပြား နံပါတ်ထပ်သူများအ နေဖြင့် မိမိတို့၏ စာရွက်စာတမ်း အထောက်အထားများနှင့် အတူ သက်ဆိုင်ရာ မြို့နယ်ရုံးတွင် လူကိုယ်တိုင် သွားရောက် ဆောင်ရွက်ပါက မြို့နယ် လ၀က ရုံးမှ စိစစ် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး က ပြန်လည် ဖြေကြားခဲ့သည်။
“ကျွန်တော့် မဲဆန္ဒနယ်မှာ ရှိတဲ့ ပြည်သူတွေရဲ့ ကြုံနေရတဲ့ အခက်အခဲ တွေကိုတခါထဲ မေးလိုက်တာပါ၊ နံပါတ် ထပ်နေတာ စာရင်း ဇယားပြုစုပြီးတာ တစ်မျက်နှာစာ ရှိတယ်ဗျ။ ပူးတွဲ တင်ထားပါတယ်။ နောက် UID ကတ် လုပ်မရတဲ့ လူဦးရေ စာရင်းလည်း ပေးပို့ထားပါတယ်။ နောက် နယ်မြေအရ သွားလို့ မရတဲ့ နေရာတွေ ရှိတဲ့အတွက် ကောက်လို့ မရသေးဘူးပေါ့။ ရက် ၁၀၀ စီမံကိန်း မှာ တော့ လွယ်ကူမှု ရှိပါတယ်။ ကျန်တဲ့ အချိန်မှာတော့ ခက်ခဲမှု ရှိပါတယ်။ ရုံးစ ဝင်ထဲက အခက်အခဲ ကြုံတာပေါ့။ တိုင်းရင်းသား ဆိုတော့ ဘာသာစကား အခက်အခဲ ၊ ရုံးလုပ်ငန်း မကျွမ်းကျင်တော့ ဝင်ထွက်ရ ခက်ခဲတာပေါ့။ အခု ရက် ၁၀၀ မှာတော့ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးထားတာပေါ့။ ဝန်ကြီးကတော့ ဖြေသွားတာပေါ့။ နောက်ဆက်တွဲ ဆက်လက်မေးမြန်းတာတော့ ဖြေကြား သွားတာ မရှိပါဘူး။ ဝစ်စ နှစ်လုံးပေါက် မပါတာတို့ ၊ နာမည်ရှေ့မှာ ဆိုင်းမပါတာတို့ ဦးမပါတာတို့ နန်း မပါတာ တို့ဒါမျိုးတွေက သွားလုပ်တဲ့အချိန် ပြည်သူတွေအတွက် အများကြီး ကြန့်ကြာမှု ရှိပါတယ်။တကယ်လို့ ဒီကနေသာ အဆင့်ဆင့် ပြန်လည် ညွှန်ကြားရင်တော့ လုပ်ရကိုင်ရ လွယ်ကူသွားမယ်လို့ မြင်ပါတယ်။” နားဖန်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၁) မှ ဦးစိုင်းအောင်မြင့် က ပြောသည်။















