လူမှုကွန်ရက်များဖြစ်သည့် Tiktok, Facebook, Telegram, Viber စသည့် Social Media များတွင် ရထားလက်မှတ်ဝယ်ယူရန် ဝန်ဆောင်မှုပေးခြင်း ပြုလုပ်သည့်ကြော်ငြာများအား အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
ကြေငြာချက်အရ မြန်မာ့မီးရထားက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရထားစီးခရီးသွားပြည်သူများ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်း ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရထားများအား Online မှ ရထားလက်မှတ် ဝယ်ယူနိုင်သော Web base (ORTP) စနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်တွင် မြန်မာ့မီးရထားက ၎င်း (ORTP) စနစ် တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် တင်ဒါအောင်မြင်သော နည်းပညာကုမ္ပဏီ၏ နည်းပညာဝန်ဆောင်ခအတွက် လက်မှတ်တစ်စောင်လျှင် ၂၀၀ ကျပ်နှင့် ဘဏ်များက တရားဝင်သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်ခကို ကောက်ခံခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုအပြင် မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူရန်ခက်ခဲသော ခရီးသည်များကို ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ထားရှိခြင်း၊ ဘူတာဝန်ထမ်းများမှ လက်မှတ်ရုံများတွင် ORTP စနစ်ဖြင့် ဝယ်ယူပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်စားလှယ်အဖြစ် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်း လုံးဝ (လုံးဝ) မရှိပါကြောင်း ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
ယခုအခါ Social Media များဖြစ်သည့် Tiktok, Facebook, Telegram, Viber များဖြင့် ကြော်ငြာ၍ ဝန်ဆောင်ခဖြင့် ရထားလက်မှတ်များကို ဆောင်ရွက်ပေးနေကြောင်း တွေ့မြင်ကြားသိနေရပါသည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ Social Media များဖြစ်သော Tiktok, Facebook, Telegram, Viber များဖြင့် ရထားလက်မှတ်ခ ဝန်ဆောင်ခပေးခြင်းပြုလုပ်သည့် ကြော်ငြာများနှင့်ပတ်သက်၍ လုံးဝဆောင်ရွက်ခြင်း မပြုလုပ်ကြပါရန်နှင့် ပြုလုပ်ကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြန်မာ့မီးရထားက အသိပေးကြေညာထားခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူနိုင်သည့် ORTP စနစ်ဖြင့် ပြေးဆွဲလျက်ရှိသော DEMU နှင့် လေအိတ်အမြန်ရထား ၁၂ စီးရှိပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင် အမှတ် (၃) အဆန် (DEMU SPAIN)၊ အမှတ် (၄) အစုန် (DEMU SPAIN)၊ အမှတ် (၅) အဆန် (DEMU JAPAN)၊ အမှတ် (၆) အစုန် (DEMU JAPAN)၊ အမှတ် (၉) အဆန် (DEMU SPAIN)၊ အမှတ် (၁ဝ) အစုန် (DEMU SPAIN)၊ အမှတ် (၁၁) အဆန် (လေအိတ်)၊ အမှတ် (၁၂) အစုန် (လေအိတ်) ရထားများဖြင့်လည်းကောင်း၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တွင် အမှတ် (၇) အဆန် (DEMU SPAIN)၊ အမှတ် (၈) အစုန် (DEMU SPAIN)၊ အမှတ် (၃၁) အဆန် (DEMU SPAIN)၊ အမှတ် (၃၂) အစုန် (DEMU SPAIN) ရထားများဖြင့်လည်းကောင်း ပြေးဆွဲပေးလျှက်ရှိရာ ORTP စနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာခရီးစဉ်များအတွက် ၅ ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိင်မည်ဖြစ်ကြောင်း သိရသည်။















