စင်ကာပူတွင် အမျိုးသမီး ၃ ဦးထံမှ စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် လိမ်လည်ခဲ့သည့် အိမ်ထောင်သည် မြန်မာအမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူတွင် အမျိုးသမီး ၃ ဦးထံမှ စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် လိမ်လည်ခဲ့သည့် အိမ်ထောင်သည် မြန်မာအမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ
Published 10 June 2026

စင်ကာပူနိုင်ငံတွင် အမျိုးသမီး သုံးဦးအား လိမ်ညာပြီး အချစ်ဇာတ်လမ်းထွင်ခြင်း၊ အမွေဆက်ခံခွင့် တောင်းဆိုမှုများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပါဝင်သည့် လိမ်လည်လှည့်ဖြားမှုများမှတစ်ဆင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် လိမ်လည်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် အိမ်ထောင်သည် မြန်မာနိုင်ငံသားတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ ချမှတ်လိုက်သည်။

မျိုးကျော် အမည်ရှိ အဆိုပါအမျိုးသားသည် လိမ်လည်မှု၊ အတုအပပြုလုပ်မှုများနှင့် သက်ဆိုင်သည့် စွဲချက်အမြောက်အမြားအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ပြစ်ဒဏ်စီရင်ရာတွင် ၎င်းကျူးလွန်ခဲ့သည့် အခြားသော ပြစ်မှုများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း သိရသည်။

တရားရုံးမှတ်တမ်းများအရ တရားခံသည် သူ့ကိုယ်သူ အောင်မြင်ပြီး အိမ်ထောင်မရှိသေးသည့် လူပျိုလူလွတ်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သော်လည်း လက်တွေ့တွင်မူ စင်ကာပူအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ သားသမီးနှစ်ဦးပင် ရရှိထားသူဖြစ်သည်။

တရားစွဲဆိုချက် အထောက်အထားများအရ မျိုးကျော်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လူချင်း ချိန်းတွေ့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် အမျိုးသမီးအများအပြားနှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

လိမ်လည်ခံရသူ အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သည့် အသက် ၄၄ နှစ်အရွယ် မလေးရှား အမျိုးသမီးတစ်ဦးက မျိုးကျော်သည် သူ့ကိုယ်သူ လူပျိုလူလွတ်ဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့သည်ကို ယုံကြည်ကာ မျိုးကျော်နှင့် ချစ်သူဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့ ချစ်သူသက်တမ်းတစ်လျှောက်တွင် မျိုးကျော်က သူသည် မိသားစုအမွေဆက်ခံမှုနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသဖြင့် အထွေထွေအသုံးစရိတ်များအတွက် ငွေကြေး လိုအပ်နေသည်ဟု ဆိုကာ အကြိမ်ကြိမ် ငွေကြေးတောင်းခံခဲ့သည်ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးသည် နောက်ဆုံးတွင် ၎င်း၏ စုဆောင်းငွေများ အားလုံး ကုန်ဆုံးသွားခဲ့ရုံမျှမက မိသားစုဝင်များထံမှပါ ငွေကြေးအကူအညီများ တောင်းခံခဲ့ရကာ စုစုပေါင်း စင်ကာပူဒေါ်လာ ၅၄၃၇၂၄ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ လိမ်လည်လှည့်ဖြားမှုကို ဟန်မပျက်ဘဲ ဆက်ထိန်းထားနိုင်ရန်အတွက် မျိုးကျော်သည် စာရွက်စာတမ်းအတုများနှင့် ဘဏ်ငွေလွှဲမှတ်တမ်းအတုများကို ပြုလုပ်ကာ သူသည် မကြာမီ အမွေရရှိတော့မည်ဖြစ်ကြောင်းနှင့် အမွေရပြီးပြီးချင်း ငွေပြန်ဆပ်မည်ဖြစ်ကြောင်း ပြောဆိုကာ ထပ်မံလှည့်စားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် မျိုးကျော်အပေါ် သံသယများ ဝင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲသည့်အချိန်အထိ မျိုးကျော်ကို ဆက်လက်ယုံကြည်ခဲ့သည်ဟု ဆိုသည်။

ဒုတိယမြောက် နစ်နာသူမှာ အသက် ၄၅ နှစ်အရွယ် မလေးရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ၂၀၂၃ ခုနှစ်တွင် ချိန်းတွေ့သည့် အက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် မျိုးကျော်နှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး တွဲနေချိန်အတွင်း မျိုးကျော်သည် သူ့ကိုယ်သူ ဩစတြေးလျနိုင်ငံကူးလက်မှတ်ကို ပိုင်ဆိုင်ထားပြီး ကုန်သွယ်မှုလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာရှင်တစ်ဦးဖြစ်ကာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် ချမ်းသာကြွယ်ဝသော စီးပွားရေးသမားတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မျိုးကျော်သည် Bentley အမျိုးအစား ဇိမ်ခံကားတစ်စီးကို မောင်းနှင်ကြောင်း ပြောဆိုခဲ့ပြီး အဆိုပါအမျိုးသမီးတွင် ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း၌ အတူတကွ အနာဂတ်တစ်ခု တည်ဆောက်ရန် အထိပါ လိမ်ညာခဲ့သည်။

မျိုးကျော်က အကျိုးအမြတ်များစွာ ရရှိမည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိကြောင်းနှင့် နောင်တွင် ငွေပြန်ဆပ်မည်ဟူသော ကတိကဝတ်များဖြင့် ငွေကြေးများ လွှဲပေးရန် အဆိုပါအမျိုးသမီးကို ဆွဲဆောင်စည်းရုံးခဲ့သည်။ တစ်လမပြည့်မီ အချိန်အတွင်းမှာပင် ထိုအမျိုးသမီးသည် စင်ကာပူဒေါ်လာ ၃၆၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးတွင် မျိုးကျော် ပေးထားသည့် နေရပ်လိပ်စာမှာ အတုဖြစ်နေကြောင်းနှင့် ၎င်းကိုယ်ပိုင်ဖြစ်သည်ဟု ပြောဆိုထားသော ဇိမ်ခံကားမှာလည်း ၎င်း၏ဇနီးဖြစ်သူ အမည်ဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသမီးက စုံစမ်းသိရှိသွားရာမှ လိမ်လည်လှည့်ဖြားမှုများ အားလုံး ပေါ်သွားခဲ့ရခြင်း ဖြစ်သည်။

မျိုးကျော်သည် ယခင်ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် တိုင်အောင် နောက်ထပ် အလားတူ လိမ်လည်မှုမျိုးကို ဆက်လက်လုပ်ဆောင်နေခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့သည်။

တတိယမြောက်နစ်နာသူသည် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းအား ငွေကြေးရင်းနှီးမြှုပ်နှံရန်နှင့် ၎င်း၏ ခရက်ဒစ်ကတ်များကို အသုံးပြုခွင့်ပေးရန် မျိုးကျော်က ဆွဲဆောင်စည်းရုံးခဲ့သည်။ ယင်းနောက်တွင် မျိုးကျော်သည် ထိုတရုတ်အမျိုးသမီး၏ ခရက်ဒစ်ကတ်များကို အသုံးပြုပြီး ငွေပေးချေမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများကို ပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသမီးက သံသယဝင်ကာ စိုးရိမ်ပူပန်မှုများ ရှိလာသည့်အခါတွင် မျိုးကျော်က ၎င်းအား စိတ်အေးသွားစေရန်နှင့် လိမ်ညာမှုများကို ဖုံးကွယ်ရန်အတွက် အစိုးရရုံးဌာနများမှ ထုတ်ပြန်ထားသည့် ပုံစံမျိုးဖြစ်သော စာရွက်စာတမ်းအတုများကို ပြုလုပ်ကာ လှည့်စားခဲ့သည်။

နောက်ဆုံးတွင် အဆိုပါ တရုတ်အမျိုးသမီးသည် စုစုပေါင်း စင်ကာပူဒေါ်လာ ၇၆၉၁၈၉ ခန့် ဆုံးရှုံးခဲ့ရသည်။

အစိုးရရှေ့နေများက မျိုးကျော်သည် တည်ငြိမ်သော အချစ်ရေး/အိမ်ထောင်ရေးတစ်ခုကို ရှာဖွေနေသည့် အမျိုးသမီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အကွက်ချစီစဉ်ထားသော မုသားစကားများနှင့် စိတ်ခံစားချက်ကို အသုံးချကာ ၎င်းတို့၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် လျှောက်လဲခဲ့ကြသည်။

မျိုးကျော်၏ လှည့်စားမှုကို ခံခဲ့ရသည့် အမျိုးသမီးများသည် ငွေကြေးအများအပြားဆုံးရှုံးခဲ့ရသည့်အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း ကြီးမားသော ထိခိုက်ခံစားရမှုများကို ကြုံတွေ့ခဲ့ရကြောင်း တရားရုံးတွင် တင်ပြချက်များအရ သိရသည်။

နစ်နာသူ အမျိုးသမီးတစ်ဦးသည် လိမ်လည်လှည့်ဖြားခံရမှန်း သိရှိသွားပြီးနောက်ပိုင်း ပြင်းထန်သော စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ခံစားခဲ့ရပြီး အခြားအမျိုးသမီးတစ်ဦးမှာမူ မျိုးကျော်နှင့်တွဲနေသည့် ကာလအတွင်း တိုးပွားလာခဲ့သည့် အကြွေးများကြောင့် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ အိပ်မပျော်ခြင်းနှင့် ၎င်း၏အနာဂတ်အတွက် ပူပန်သောကများကို ခံစားခဲ့ရသည်ဟုဆိုသည်။

ခြုံငုံကြည့်လျှင် နစ်နာသူ အမျိုးသမီးများသည် နှစ်နှစ်ကျော်ကာလအတွင်း စုစုပေါင်း စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

တရားရုံးက မျိုးကျော် ကျူးလွန်ခဲ့သည့် လိမ်လည်မှုအတိုင်းအတာ၊ ထပ်တလဲလဲ လှည့်ဖြားခဲ့ပုံများနှင့် နစ်နာသူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်ပုံတို့ကို ထည့်သွင်းစဉ်းစားပြီးနောက် ၎င်းအား ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Ref: mothership.sg

Most Read

Most Recent