■အရေးပေါ်အာဏာများကို ကျင့်သုံးရာ၌ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားကာ ဆောင်ရွက်ရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အထူးကာကွယ်စောင့်ရှောက် ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း တစညပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
နိုင်ငံတော် သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆) အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို လွှတ်တော်က အတည်ပြုလိုက်သည်။
ယနေ့(ဇွန် ၉ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆) အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဦးစားပေးတာဝန်သည် ယင်းနိုင်ငံတွင်နေသည့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အာမခံပေးနိုင်ရန်၊ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းနိုင်ရန်၊ အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်ပြီး အဆိုပါတာဝန်များကို ထိခိုက်လာသည့်အခါ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြန်ဋ္ဌာန်းထားသည့် အရေးပေါ်စီမံခန့်ခွဲရေး ယန္တရားများကို အသုံးပြုဆောင်ရွက်ခြင်းသည့် ဥပဒေနှင့်ညီညွတ်သည့် နိုင်ငံတော်တာဝန်ဖြစ်ကြောင်း အထက်ပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးရာတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ က ဆွေးနွေးပြောကြားသည်။
“ အရေးပေါ်အခြေအနေ ကြေညာခြင်းနဲ့ စစ်အုပ်ချုပ်ရေး ကျင့်သုံးခြင်းတို့အတွက် အဓိကရည်ရွယ်ချက်က အုပ်ချုပ်ရေးစနစ် ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည် တည်ဆောက်ရေး၊ ပြည်သူများရဲ့ လုံခြုံရေးကို အာမခံနိုင်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်များ အခိုင်အမာ ပေါ်လာစေရေး ဖြစ်ပါတယ်။ သို့ရာတွင် အရေးပေါ်အာဏာများကို ကျင့်သုံးရာ၌ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားကာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို အထူးကာကွယ်စောင့်ရှောက်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ အခွင့်အရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားမျှတရေးတို့ကြား သင့်လျော်သောဟန်ချက်ညီမှုကို ထိန်းသိမ်းဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ ဒီအရေးပေါ်အမိန့်များ အတည်ပြုခြင်းသည် နိုင်ငံတော်နဲ့ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရန် လိုအပ်သော ဆောင်ရွက်ချက်များဖြစ်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ထောက်ခံပါတယ် ” ဟု ဒေါက်တာကျော်ဆွေ က ဆွေးနွေးပြောကြားသည်။
အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များသည့် နောက်ဆုံးရည်မှန်းချက်မဟုတ်ဘဲ ပုံမှန် အုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ရောက်ရှိစေရန် အသုံးပြုသည့် ယာယီအစီအမံများသာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးအတွက် ထိရောက်သော လုံခြုံရေးစီမံချက်များ ဆောင်ရွက်ရန်နှင့် အရပ်သားများကို အကာအကွယ်ပေးနိုင်ရန်လည်း တောင်းဆိုရန် လိုအပ်ကြောင်း၊ အရေးပေါ်ကယ်ဆယ် ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အသင့်ရှိနေရန်လည်း ပြင်ဆင်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ဒေါက်တာကျော်ဆွေ က ဆွေးနွေးပြောကြားသည်။
ဒေါက်တာကျော်ဆွေ က “ ဥပဒေအထက်မှာ မည်သူမျှမရှိစေရဆိုတဲ့ မူကို အခိုင်အမာ ကျင့်သုံးပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ တရားစီရင်ရေးလုပ်ငန်းတွေမှာ ဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ တိကျစွာလိုက်နာ ကျင့်သုံးတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးယန္တရား၊ တရားရုံးများနှင့် ဌာနဆိုင်ရာများ ပုံမှန်လည်ပတ်နိုင်တဲ့အခြေအနေကို အမြန်ရောက်ရှိအောင် အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆွေးနွေးပြောကြားသည်။
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော ယခုပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းထားသည့် အမိန့်များသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရ မလွဲမရှောင်သာ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တရားဝင်မှုရှိကြောင်း တွေရှိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၅) ဦးထိန်လင်း က ဆွေးနွေးပြောကြားသည်။
“ နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)နှင့် (၂/၂၀၂၆) တို့ဟာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးတို့အတွက် လိုအပ်သော ဆောင်ရွက်ချက်များဖြစ်ကြောင်း ထင်ရှားလှပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့်ပြည်သူတို့၏ ရေရှည်အကျိုးကို ရှေးရှုပြီး ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးက တင်သွင်းတဲ့ နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆) အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၂၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို လွှတ်တော်က အတည်ပြုပေးရန် အဆိုအား ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဦးထိန်လင်း က ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆) အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို အတည်ပြုရန် လွှတ်တော်၏ အတည်ပြုချက်ရယူရာတွင် သဘောမတူသူ မရှိသည့်အတွက် ယင်းအမိန့်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ကြေညာခဲ့သည်။















