အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒက်ကလန်ရိုက်စ်က အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဖြစ်ပြီး ဟာရီကိန်း မကစားနိုင်ချိန်မှာ ဒက်ကလန်ရိုက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာဖြစ်ကြောင်း သိရပါတယ်။
တူဟယ်လ်က နယူးဇီလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲဒုတိယပိုင်းမှာ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပေမဲ့ လာမယ့် ကမ္ဘာ့ဖလားမှာတော့ ဒက်ကလန်ရိုက်စ်ကိုသာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမယ်လို့ အတည်ပြုခဲ့တာပါ။
ဒက်ကလန်ရိုက်စ်က အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် နှစ်ပွဲကစားခဲ့ဖူးပြီး အောက်တိုဘာလက ဝေးလ်စ်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ တာဝန်ယူခဲ့ဖူးကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းကို တူဟယ်လ် ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဂူဟီနဲ့ ဟန်ဒါဆန်တို့လည်း အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဒက်ကလန်ရိုက်စ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်က အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိရာမှာ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်လာဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။















