မြန်မာနိုင်ငံသား သံဃာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို အိန္ဒိယနိုင်ငံကတစ်သက်တာ ဗီဇာအပါအဝင် အခြား အခွင့်အလမ်းအများအပြားပါဝင်သည့် OCI ကတ်အား ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ OCI ကတ်ကို ဆရာတော် ဒေါက်တာပညာသာမိနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်တို့အား အိန္ဒိယနိုင်ငံက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇွန် ၄ ရက်တွင် သံအမတ်ကြီး အဘေးသာကူးရ် သည် မန္တလေးမြို့၌ အိန္ဒိယနွယ်ဖွား လူမှု အသိုက်အဝန်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ၊ Sanatan Dharma Swayamsevak Sangh နှင့် Arya Samaj တို့မှ ဦးဆောင်ကိုယ်စားလှယ်များရှေ့မှောက်တွင် ဆရာတော် ဒေါက်တာပညာသာမိထံသို့ လည်းကောင်း၊ ပြင်ဦးလွင်မြို့၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်ထံသို့လည်းကောင်း ပြည်ပရှိအိန္ဒိယနွယ်ဖွားသက်သေခံကတ်ပြား (OCI card) များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
OCI ပေးအပ်သည့် အခမ်းအနားနှစ်ရပ်စလုံးတွင် ကောင်စစ်ဝန်ချုပ် Sundeep Kaushal သည်လည်း သံအမတ်ကြီးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်း OCI ကတ်သည် အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့်ရှိကာ ရည်ရွယ်ချက်များစွာအတွက် ဘဝ တစ်သက်တာဗီဇာကို ပေးအပ်ထားခြင်းဖြစ်ပြီး၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ခွင့်၊ ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းခြင်းပြုလုပ်မှုများနှင့် ပညာရေးအပါအဝင် အခွင့်အလမ်းအမြောက်အမြားကိုလည်း ပေးထားပြီး
OCI ကတ်စနစ်သည်အိန္ဒိယနိုင်ငံနှင့်ကဏ္ဍစုံမှတက်ကြွလှုပ်ရှားနေသော ၎င်း၏ ပြည်ပရောက်အိန္ဒိယ နွယ်ဖွား အသိုက်အဝန်းအကြား အဖိုးတန်ပြီး အရေးပါသော ချစ်ကြည်ရေးပေါင်းကူးတံတားတစ်ခု ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခြေချနေထိုင်လျက်ရှိသော ခန့်မှန်းခြေ လူဦးရေ ၂ သန်းခန့်ရှိသည့် များပြားသော အိန္ဒိယနွယ်ဖွား အသိုက်အဝန်းအပြင်၊ ယခုကဲ့သို့ ထင်ရှားသော ဗုဒ္ဓဘာသာ သာသနာပြုပုဂ္ဂိုလ် ဆရာတော် ဒေါက်တာပညာ သာမိနှင့် မန္တလေးတိုင်းဒေသကြီး၏ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်တို့ထံ OCI ကတ်များ လွှဲပြောင်း ပေးအပ်ခြင်းသည် OCI အစီအစဉ်၏ နယ်ပယ်ကျယ်ပြန့်လာမှုနှင့် ဆွဲဆောင်မှုရှိမှုတို့ကို ထင်ဟပ်စေပြီး၊ ထို OCI ကတ်ရရှိသူအများစုမှာ ရာစုနှစ်ပေါင်းများစွာအတွင်း အိန္ဒိယနိုင်ငံဒေသ အသီးသီးမှ မြစ်ဖျားခံ ဆင်းသက်လာခဲ့ပြီး မြန်မာ့လူအဖွဲ့အစည်းအတွင်းရှိ ကွဲပြားခြားနားသော ကဏ္ဍအသီးသီးသို့ ပျံ့နှံ့ရောက်ရှိ သွားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် မြန်မာနိုင်ငံနှင့် ရှိရင်းစွဲ နက်ရှိုင်းသော လူမှုအဖွဲ့အစည်းချင်း ချိတ်ဆက်မှုများနှင့် ကွဲပြားစုံလင်သော ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးနှောင်ကြိုးများကို ပိုမိုခိုင်မာစေခဲ့ကြောင်း အိန္ဒိယ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















