ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် စာသင်ကျောင်းများနှင့် လူမနေသည့်အိမ်များမှ တံခါးရွက်များကို လိုက်လံခိုးယူနေသောသူအား ဇွန် ၅ ရက်တွင် တောင်ကြီးမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၆)နှစ် ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။
ဖြစ်စဉ်မှာ မတ် ၃၀ ရက် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရွှေညောင်နယ်မြေရဲစ ခန်းမှ ရာဇဝတ်မှုပပျောက် စေရေးအတွက် နယ်မြေ လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက် ရန်မျိုးအောင်လမ်းတွင် အနံ(၂)ပေခွဲ အလျား (၆)ပေခန့်ရှိ ကျွန်းတံခါးရွက်(၁)ခုနှင့်အတူ မသင်္ကာဖွယ်ရာ တင်ထွန်းဦး(ခ)ဘုကြီး ဆိုသူ အမျိုးသားတစ်ဦးအား တွေ့ရှိ၍ ခေါ်ယူစစ်ဆေးမေးမြန်း ခိုင်လုံသော သက်သေအထောက်အထား တစ်စုံတရာမပြသနိုင် ၍ တင်ထွန်းဦး(ခ)ဘုကြီးအား ရွှေညောင်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ခ)ဘုကြီးအား စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းသည် မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်စာသင်ကျောင်းမှ အိမ်သာတံခါးမကြီး၏ တံခါးရွက်များအားလည်း ကောင်း ၊ ရတနာရပ်ကွက် တံခါးမကြီး၏ တံခါးရွက်များအားလည်းကောင်း ၊ မင်္ဂ လာရပ်ကွက် ဗိုလ်စိန်မှန်လမ်းရှိ လူမနေသည့် နေအိမ်တံခါးမကြီးမှ တံခါးရွက်များအားလည်းကောင်း ဖြုတ်၍ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း တင်ထွန်းဦး(ခ)ဘုကြီးမှ ခိုးယူရရှိသော တံခါးရွက် မင်္ဂလာအောင်မြေရပ်ကွက် လယ်တောစပ်ခြုံတစ်ခုထဲတွင် ဖွက်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ရပ်မိရပ်ဖများအားခေါ်ယူပြီး သက်သေခံပစ္စည်းများ သိမ်းယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ခိုးယူမှုအား ကျူးလွန်သူ တရားခံ တင်ထွန်းဦး(ခ)ဘုကြီးအား ရွှေညောင်နယ်မြေခံရဲစခန်းမှ (ပ)၃၄/၂၀၂၆ ရာဇ သတ်ကြီးပုဒ်မ-၃၇၉ဖြင့် လည်းကောင်း ၊ (ပ)၃၈/၂၀၂၆ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးပုဒ်မ-၆(၁)တို့ဖြင့် အမှုဖွင်အရေးယူဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့နယ် တရား ရုံးမှ အလုပ်ကြမ်းနှင့် ထောင် ဒဏ် (၆)နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည် ။
စည်သာ(တောင်ကြီး)















