ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းဒေသတွင် ရက်အရှည်ကြာဆုံး လူးဖိုင် မီးလုံးပွဲတော် ကျင်းပပြုလုပ်နေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ၊ မေလ ၃၀ ရက် ၊ စနေနေ့၊ နယုန်လပြည့်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သော ပေါမူကျေးရွာ လူးဖိုင် ၊ မီးလိုင်ပွဲတော်ကို ခန့်မှန်းခြေ ၁၅ ရက် ကျော်ခန့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ၊ မီးလုံးပေါင်း ၃၀၀ ကျော် ပြိုင်ပွဲဝင် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ခေတ်ကာလကုန်စျေးနှုန်းအရ မီးလုံးတစ်လုံးလျှင် ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကျပ် အထိ ကုန်ကျစရိတ်ရှိနေကာ၊ ဆုကြေးထည့်လျှင် သိန်း ၃၀ ကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်း ပင်လောင်း မှ လာရောက်ယှဉ်ပြိုင်သော မီးလုံးအဖွဲ့ မီးဆရာတစ်ဦးက ပြောပြသည်။
“ ဒီပေါမူပွဲက ရိုးရာပွဲ အကြီးဆုံးဖြစ်လို့ ပင်လောင်းကနေ လာပြိုင်တယ်။ မီးလုံးအရေအတွက်လည်း များတယ်။ ကျတော်ကတော့ တစ်လုံးပဲ လာပြိုင်တာပေါ့။ မီးလုံးကတော့ အချိန် လေးငါးရှစ်ရက်တော့ ပေးရတာပေါ့။ ပြောင်းဖိုးနဲ့ ယမ်းဖိုးနဲ့ သိန်း ၂၀ ကျော်ကျော်ပေါ့။ လောင်းကြေး နဲ့ ဆိုရင် ၃၀ ကျော်တာပေါ့။ ကိုယ်ရိုက် ကိုယ်ရှို့ ဆိုတော့ အားရတာပေါ့။ ဒါပေမယ့် ဂိုးထဲတော့ မဝင်ဘူးပေါ့။ တောင်ဘက် နည်းနည်း ထွက်သွားတယ်။ တက်သွားတာမြင်တော့ ပီတိဖြစ်ပြီး ဝမ်းသာတာပေါ့ ” ဟု ခွန်တင်ထွဋ် က ပြောသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်တွင် လာရောက်ယှဉ်ပြိုင်သော မီးလုံးရေများပြားကာ ၊ မွန်းလွဲပိုင်း ၂ နာရီကျော် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ခေတ္တရပ်နားကာ မိုးလေကင်းစင်ချိန် ပြန်လွှတ်တင်ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား ကျေးရွာများတွင် မီးလုံးလွှတ်ပွဲခေါ် လူးဖိုင်ပွဲကို အများဆုံး ကျင်းပကြခြင်း ဖြစ်ကာ၊ ပေါမူကျေးရွာ သံဃတွင် ယခင်လကလည်း လူးဖိုင်ပွဲတော် တစ်ကြိမ် ကျင်းပခဲ့သေးကြောင်း သိရသည်။
ပေါမူ မီးရှူးပွဲတော် စည်းကမ်းချက်ကိုလည်း ကပ်ထားပြီး မီးလုံးတစ်လုံး အချိန် ၁၅ မိနစ် သတ်မှတ်ထားကြောင်း၊ ဘုတ်ကျော်ဂိုးဝင် မီးမှသာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခြင်းကို ပွဲကော်မတီမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း အသိပေးထားသည်။
`ဒုံး´ ကို ရှမ်းတို့က `လုဖိုင်´ဟုခေါ်၏။ လူးဖိုင် ဆိုသော အဓိပ္ပါယ်မှာ ရှမ်းစကားဖြစ်ကာ၊`လု´မှာ`အလုံး´ဟု အဓိပ္ပာယ်ရပြီး၊`ဖိုင်း´မှာ`မီး´ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်`လုဖိုင်း´မှာ မြန်မာလို (မီးလုံး)ဟု ဆိုနိုင်ပေသည်။ `ပွယ်လုဖိုင်´သည် မီးလုံးပွဲဟု ဆိုနိုင်သည်။ ဒုံးကို ပအိုဝ်းတိုင်းရင်းသား တို့ကလည်း `လုဖိုင်´ဟုပင် ခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် အခြားလူမျိုးများကမူ ဒုံးကို `မီးရှူး´ဟု လည်းကောင်း၊`မီးကျည်´ဟု လည်းကောင်း ခေါ်ကြသည်။ ဒုံးလွှတ်ပွဲကိုလည်း `မီးရှူးပွဲ´၊ `မီးပွဲ´ဟု ခေါ်ကြသည်။
■ဓာတ်ပုံ - စည်သာ(တောင်ကြီး)















