၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ ၅၇ သိန်းကျော်ရှိပြီး ပြီးခဲ့သည့်နှစ်ထက် သုံးသိန်းကျော်ပိုများကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၅၇၉၈၇၂၅ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့အပ်နှံသဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံသူ ၅၄၇၁၃၁၆ ဦးနှင့် နှိုင်းယှဉ်ပါက ၃၂၇၄၀၉ ဦး များပြားကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောင်းဖွင့်ရန်အတွက် ကျောင်းအပ်လက်ခံရေးသတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခဲ့သည်။
ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားကျောင်းသူများကို ဗလာစာအုပ်၊ ခံတံ၊ ဘောပင် အစရှိသည့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခဲ့သည်။
ဆက်လက်ပြီး ဇွန် ၁ ရက်တွင် ကျောင်းဖွင့်ခဲ့သော်လည်း ကျောင်းမအပ်ရသေးသည့် ကျောင်းသားကျောင်းသူများကိုလည်း ကျောင်းဖွင့်နေစဉ်အတွင်း ဆက်လက်ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။















