■ ၂၀၂၆ -၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူ သုံးသိန်းခွဲနီးပါးကျောင်းအပ်နှံထားကြောင်းသိရ

■ ၂၀၂၆ -၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူ သုံးသိန်းခွဲနီးပါးကျောင်းအပ်နှံထားကြောင်းသိရ
Published 4 June 2026

၂၀၂၆ -၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူ သုံးသိန်းခွဲနီးပါးကျောင်းအပ်နှံထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့အထိ မွန်ပြညနယ်အတွင်းရှိ အစိုးရအခြေခံပညာကျောင်းများတွင် မူလတန်းကျောင်းသား/သူ (၂၂၉၇၀၃) ဦး၊ အလယ်တန်းကျောင်းသား/သူ (၈၃၅၅၉) ဦး၊ အထက်တန်းကျောင်းသား/သူ (၂၁၁၈၈) ဦးအပ်နှံထားပြီး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မူလတန်းကျောင်းသား/သူ (၃၂၈၀) ဦး၊ အလယ်တန်းကျောင်းသား/သူ (၇၄၃) ဦးအပ်နှံထားကြောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မူလတန်းကျောင်းသား/သူ (၅၁၃၅) ဦး၊ အလယ်တန်းကျောင်းသား/သူ (၂၂၀၉) ဦး၊ အထက်တန်းကျောင်းသား/သူ (၂၃၈၈) ဦး၊ စုစုပေါင်း (၃၄၈၂၀၅) ဦးအပ်နှံထားကြကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်အတွင်း အစိုးရအခြခံပညာမူလတန်းကျောင်းပေါင်း (၈၉၉) ကျောင်း၊ အလယ်တန်းကျောင်းပေါင်း (၄၁၈) ကျောင်း၊ အထက်တန်းတန်းကျောင်းပေါင်း (၂၀၀) ကျောင်း စုစုပေါင်း (၁၅၁၇) ကျောင်းရှိသည့်အနက် မူလတန်းကျောင်း (၈၃၁) ကျောင်း၊ အလယ်တန်းကျောင်း (၃၉၄) ကျောင်း၊ အထက်တန်းကျောင်း (၁၉၇)  ကျောင်းသာဖွင့်လှစ်ထားနိုင်ကြောင်း ဖွင့်လှစ်ထားနိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး “စာသင်ကျောင်တွေအများဆုံးမဖွင့်လှစ်နိုင်တဲ့ မြို့နယ်က ဘီးလင်းမြို့နယ်ဖြစ်ပါတယ်။ ဘီးလင်းမြို့နယ်ထဲမှာ အထက်တန်းကျောင်း (၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၈) ကျောင်း နဲ့ မူလတန်းကျောင်း (၃၆) ကျောင်းက နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။

ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းတွင်လည်း အလယ်တန်းကျောင်း (၅) ကျောင်း နှင့် မူလတန်းကျောင်း (၁၈) ကျောင်းတို့မှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့် စာသင်ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကျိုက်ထိုမြို့နယ်ရှိ အ.ထ.က (၂) ကျိုက်ထို၊ သထုံမြို့နယ်ရှိ အ.ထ.က (၁) သထုံ၊ ချောင်းဆုံမြို့နယ်ရှိ အ.ထ.က (ရွာလွတ်) နှင့် ရေးမြို့နယ်ရှိ အ.ထ.က (ဟံဂံ) ကျောင်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး(စက်၊ စိုက်၊ မွေး) သင်တန်းများဖွင့်လှစ်ထားကြောင်းနှင့် Grade – 10 မှ Grade – 12 အထိ ကျောင်းသား/သူ (၂၉၁) ဦး အပ်နှံထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

■ ဘိုဘိုမြင့် 

Most Read

Most Recent