■ ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ရွှေချိုးဖြူလက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံး

■ ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ရွှေချိုးဖြူလက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံး
Published 4 June 2026

ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ရွှေချိုးဖြူလက်ဖက်ရည်မှ ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ ဇွန်လ (၄) ရက်နံနက် (၆) နာရီ (၃၀) မိနစ်အချိန်ခန့်က အဆိုပါ ကော့စနိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်း အေးရပ်ငြိမ်အနောက်ပိုင်းရပ်ရှိ ရွှေချိုးဖြူ လက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်းဖြစ်သူ အသက် (၄၅) နှစ်အရွယ် ကိုကျော်စွာ ဆိုသူမှာ ဆိုင်အတွင်းရှိနေစဉ် မော်တော်ဆိုင်ကယ်နှင့် သေနတ်သမားနှစ်ဦးရောက်လာပြီး ပစ္စတိုသေနတ်နှင့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းက်ဆက်လက်ပြီး “သေနတ်သမားတွေက လက်ပြကျေးရွာဘက်ကနေ ဆိုင်ကယ်ကအနီရောင်နဲ့ လာကြပြီးတော့ ပစ်ခတ်မှုတွေလုပ်ပြီး မောင်းပြေးသွားကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဦးကျော်စွာတွင် ဘယ်ဘက်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်ရင်ဘတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်လက်ဖျံတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ရာ လက်ဖက်ရည်ဆိုင်အတွင်းမှာပင်သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့အဝင်အထွက်နေရာများ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ကျိုက်ထိုမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မေလ အတွင်းက မွန်ပြည်နယ်၌ သေနတ်နှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် ရေးမြို့နယ် အမျိုးသား (၂) ဦး၊ သံဖြူဇရပ်မြို့နယ်တွင် အမျိုးသား (၅) ဦး၊ မုဒုံ၊ ပေါင် နှင့် ဘီးလင်းမြို့နယ်များတွင် အမျိုးသားတစ်ဦးစီ သေဆုံးခဲ့ကြကြောင်း သိရသည်။

■ သတင်း- ဘိုဘိုမြင့်

Most Read

Most Recent