ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ (၂)ရက်က ကျင်းပခဲ့ပြီး သစ်လွင်သူနာပြု ၁၄၅၂ ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ကြောင်း သိရသည်။
ဇွန်လ (၂)ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယခုအလုပ်ခန့်အပ်ခံရသည့် သူနာပြုဆရာ ဆရာမများသည် နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ထမ်းရွက်ရာတွင် မိမိတို့ တာဝန်ကျရာနေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှ မက မိမိတို့ သူနာပြုဆရာ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရာတွင် မိမိတို့ သူနာပြု အသက်မွေးဝမ်းကြောင်းပညာရပ်ကို ပြည်သူလူထုမှ အားကိုးယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း နိုင်ငံတော်အနေဖြင့်သူနာပြုရာထူးအဆင့်ဆင့်အလိုက် လစာတိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ထပ်ဆောင်း ချီးမြှင့်ငွေများခံစားခွင့်ပြုခြင်းများတိုးမြှင့်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ သူနာပြုသင်တန်းကျောင်း (၁၅)ကျောင်းကို သူနာပြုသိပ္ပံအဆင့်အထိ တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က သင်တန်းဆင်းမည့် သစ်လွင်သူနာပြု၊ သားဖွားများကို အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု ၁၄၅၂ ဦး ကိုယ်စား သူနာပြုသိပ္ပံ(နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ သူနာပြုသိပ္ပံ(မန္တလေး)နှင့် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)တို့မှ ကိုယ်စားလှယ် သစ်လွင်သူနာပြုများထံ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်ပြီး သစ်လွင်သူနာပြုများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် သစ်လွင်သူနာပြုများသည် အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။















