ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ များပြားသဖြင့် ထောက်ကြန့်တွင် ရုံးခွဲတိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်မောင်းလိုင်စင်ရယူလိုသူများအတွက် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းအား တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)တွင် Online Booking စနစ်ဖြင့် အလှည့်ကျဖြေဆိုစေခြင်းအား ဆောင်ရွက်ပေးလျက်ရှိသော်လည်း လက်ရှိတွင် ဖြေဆိုသူဦးရေ များပြားလာခြင်းကြောင့် ရွာသာကြီးရုံးအပြင် ရန်ကုန်မြို့ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲအား ဇွန် ၈ ရက်မှ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများအနေဖြင့် ဖြေဆိုလိုသည့်နီးစပ်ရာရုံးတွင် Online Booking ဖြင့် ရက်ချိန်းရယူ၍ သွားရောက်ဖြေဆိုနိုင်ကြောင်း၊ အွန်လိုင်းဘွတ်ကင်အား www.rtad.gov.mm တွင် ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။















