ပြင်သစ်ကလပ် PSG အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝန်း ဘောလုံးပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်အစိုးရက ဇွန် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
"လူ ၈၉၀ ကျော် ဖမ်းဆီးထားပါတယ်။ ဒါဟာ မနှစ်ကထက် ၄၅ ရာခိုင်နှုန်းတောင် ပိုများလာတာပါ" ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရင့်နူနက်ဇ်က France Inter အသံလွှင့်ဌာနသို့ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၈၀ နီးပါးလည်း ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ မေ ၃၁ ရက်တွင် အောင်ပွဲခံပွဲများကို အီဖယ်မျှော်စင်တွင် စတင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ခန့် ဖြန့်ကြက်ချထားခဲ့သည်။
ပဲရစ်နှင့် အခြားမြို့ကြီးများတွင် လူငယ်များနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်မှုများ၊ ကားများကို မီးရှို့မှုများနှင့် ဆိုင်များကိုလုယက်မှုများကြောင့် အောင်ပွဲခံပွဲများက အရုပ်ဆိုးအကျည်းတန်ခဲ့ရသည်။
မေ ၃၁ ရက်ညနေပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က PSG အသင်းကို အီလီဆေးနန်းတော်၌ လက်ခံတွေ့ဆုံခဲ့ကာ PSG အသင်းက နိုင်ငံအတွက် ကြီးမားသည့် ကျက်သရေဆောင်ဟု ချီးကျူးခဲ့ပြီး "တော်လောက်ပြီ။ ကျွန်တော်တို့ စိတ်ကုန်နေပြီ" ဟုဆိုကာ ဆူပူအကြမ်းဖက်မှုများကို ရှုတ်ချခဲ့သည်။
၂၀၂၅-၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပတ်စ်ရှိ Puskas Arena ကွင်းတွင် မေ ၃၀ ရက်ညပိုင်းက ပြုလုပ်ခဲ့ပြီး PSG အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။ မနှစ်က PSG အသင်း ထိုဆုဖလား ရခဲ့စဉ်ကလည်း အလားတူ ဆူပူမှုများဖြစ်ပွားခဲ့ပြီး အောင်ပွဲခံပွဲများ၌ လူသေကျေမှုများအထိ ဖြစ်ခဲ့သည်။
Ref: AFP & BBC















