■မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ဟု TNLA ထုတ်ပြန်
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် ယနေ့(မေ ၃၁ ရက်)တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ညနေ ၅ နာရီခန့်အထိ ရရှိသည့် သတင်းများအရ သေဆုံးသူ ဒေသခံ ၂၀ ဦးခန့် ရှိလာကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကောင်းတပ်ကျေးရွာတွင် ယနေ့(မေ ၃၁ ရက်) မွန်းတည့် ၁၂ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်များပျက်စီးကာ လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကနဦးလူအချို့သေဆုံးသည်ဟု ဒေသတွင်းသတင်းဌာနများကလည်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။
"နမ့်ခမ်းဆေးရုံနားက ကောင်းတပ်ရွာမှာဖြစ်တာ လောလောဆယ် အယောက် ၂၀ လောက်သေတယ်။ ယမ်းတိုက်ပေါက်တာလို့ပြောတယ်။ သေတဲ့သူတွေကတိုးလာတာ၊ လူနာတွေက နမ့်ခမ်းဆေးရုံမှာလို့ပြောတယ်"ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။
ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ TNLA က ထုတ်ပြန်ရာတွင် မေ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများမှ အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ အများအပြားရှိခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် PSLF/TNLA အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ စာနာဝမ်းနည်းပါကြောင်း ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသောပစ္စည်းများ ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ဟု TNLA ကထုတ်ပြန်သည်။
ပုံစာ-ပေါက်ကွဲမှုအပြီး လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တစ်ချို့မှ ရယူထားသည့် ပုံများတွင် အပျက်အစီးများကိုတွေ့ရစဉ်။















