ဂါဇာကမ်းမြောင်ဒေသ၏ရ၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးစစ်တပ် ကို မေ ၂၈ ရက်တွင် အမိန့်ပေးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စတင်အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်များကို ဆန့်ကျင်ပြီး နေတန်ယာဟုက ထိုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစ္စရေး၏ Channel 12 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သော ဗီဒီယိုဖိုင်တစ်ခုတွင် နေတန်ယာဟုက သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း ဒေသတွင်ပြုလုပ်သည့် ညီလာခံတစ်ခုတွင် “ကျွန်တော်တို့ အခု ဟားမာ့စ်အဖွဲ့ကို ဖိအားပေးနေပါတယ်။ လက်ရှိမှာ ဂါဇာကမ်းမြောင်ဒေသရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ စစ်တပ်အနေဖြင့် ဂါဇာ၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကတော့ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ သူတို့ကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ဖိအားပေးနေတာပါ။ ကျန်ရှိနေတဲ့ အပိုင်းတွေကိုတော့ အဲဒီနောက်မှ ဆက်လက် ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့်တွင် ဂါဇာစစ်ပွဲကို စတင်ဖြစ်ပွားစေခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော နောက်ဆုံးဓားစာခံများကို အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်း လူမျိုးများနှင့် အလဲအလှဲပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းရေးနှင့် အစ္စရေးစစ်တပ် အဆင့်ဆင့်ပြန်လည်ရုပ်သိမ်းရေးတို့ ပါဝင်ရမည့် ဒုတိယအဆင့်သို့ ကူးပြောင်းမည့်လုပ်ငန်းစဉ်မှာမူ လပေါင်းများစွာကြာအောင် ရပ်တန့်နေခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်များအရ အစ္စရေးတပ်ဖွဲ့များသည် ဟားမာ့စ်တို့ ထိန်းချုပ်ထားသည့်ဂါဇာနှင့် အစ္စရေးစစ်တပ်က သိမ်းပိုက်ထားသည့်နယ်မြေအကြား ပိုင်းခြားသတ်မှတ်ထားသော အဝါရောင်မျဉ်းဟု ခေါ်ဆိုသည့် နယ်နိမိတ်မျဉ်း၏ နောက်ဘက်သို့ ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်သည်။
သို့သော် အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုကို ပိုမိုတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက မေ ၁၅ ရက်တွင် ကြေညာခဲ့သည်။
“အဲဒီတုန်းက ‘ထွက်သွားကြ၊ ထွက်သွားကြ’ လို့ ပြောခဲ့တဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထွက်မသွားခဲ့ပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်ပြီလဲ၊ ၆၀ ရာခိုင်နှုန်းပါ။ မနက်ဖြန်ကျရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အစ္စရေးစစ်တပ်နှင့် ဟားမာ့စ်အဖွဲ့တို့သည် အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက စတင်အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။
အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ယခုလအစောပိုင်းတွင် ဟားမာ့စ်အဖွဲ့၏စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ဟောင်းကို ရှင်းလင်းခဲ့ပြီးနောက် ဂါဇာရှိ ဟားမတ်စ်စစ်ဘက်ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင်သစ်ဖြစ်သူ မိုဟာမက် အိုဒါးကိုလည်း ထပ်မံရှင်းလင်းနိုင်ခဲ့ကြောင်း မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
Ref:AFP















