၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ(၂၆)ရက်နေ့ လန်ဒန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုကြေညာလိုက်ပါတယ်။
Ballon d'Or ဆုက ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဖန်တီးမှုနဲ့ ဖြစ်တည်လာခဲ့တဲ့ အထင်ကရ တစ်ဦးချင်းထူးချွန်ဆုဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်ကစပြီး UEFA နဲ့ ပူးပေါင်းချီးမြှင့်နေတာပါ။
၁၉၅၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုပေးပွဲကို နှစ်စဉ်နှစ်တိုင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာသာ ကျင်းပပြုလုပ်လေ့ရှိပေမဲ့ ဒီနှစ် လန်ဒန်မြို့ကို ရွေးချယ်ခဲ့ခြင်းကတော့ နှစ်(၇၀)ပြည့် အထိ်မ်းအမှတ်မှာ Ballon d'Or ဆု ပထမဆုံးရရှိသူဖြစ်တဲ့ အင်္ဂလန်ကစားသမား စတန်လေမက်သယူးကို ဂုဏ်ပြုတဲ့အနေနဲ့ဖြစ်ကြောင်း သိရပါတယ်။
၁၉၅၆ ခုနှစ်အတွက် ပထမဆုံး Ballon d'Or ဆုကို အင်္ဂလန်လက်ရွေးစင် ဘလက်ပူးလ်တိုက်စစ်ကစားသမား စတန်လေမက်သယူးက ရရှိခဲ့ခြင်းဖြစ်ပါတယ်။
Ballon d'Or ဆုကို အများဆုံးရရှိထားသူက မက်ဆီ(၈ ကြိမ်)ဖြစ်ပြီး စီရော်နယ်လ်ဒိုက ဒုတိယအများဆုံးအဖြစ် (၅)ကြိမ် ရရှိထားပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုရရှိဖို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက ရေပန်းအစားဆုံးဖြစ်နေပြီး PSG တိုက်စစ်မှူး ဒမ်ဘီလီ၊ အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်တို့လည်း ရေပန်းစားနေကြပါတယ်။
ဘောလုံးသုံးသပ်သူတွေကတော့ ချန်ပီယံလိဂ်ဖလား ရရှိတဲ့အသင်းက ကစားသမား အလေးသာနိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။















