ယူကရိန်းဒရုန်း တိုက်ဖျက်ရေးတွင် ဘဏ်ဝန်ထမ်းများ ပါဝင်ကူညီရန် ရုရှားအမတ်များလိုလား

ယူကရိန်းဒရုန်း တိုက်ဖျက်ရေးတွင် ဘဏ်ဝန်ထမ်းများ ပါဝင်ကူညီရန် ရုရှားအမတ်များလိုလား
၂၀၂၃ ခုနှစ် မေ ၃၀ ရက်က  မော်စကိုမြို့တော်ရှိ အထပ်မြင့်လူနေအဆောက်အအုံတစ်ခုတွင် ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးနေသည့် မြင်ကွင်းကို မြင်တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် မေ ၃၀ ရက်က  မော်စကိုမြို့တော်ရှိ အထပ်မြင့်လူနေအဆောက်အအုံတစ်ခုတွင် ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးနေသည့် မြင်ကွင်းကို မြင်တွေ့ရစဉ်(Photo:AFP)
Published 28 May 2026

ရုရှားအောက်လွှတ်တော်က အတည်ပြုလိုက်သည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်သစ်တစ်ခုအရ ရုရှားဘဏ်ဝန်ထမ်းများ နှင့် ဘဏ်ခွဲများသည် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကို ပြန်လည်ခုခံတိုက်ခိုက်သည့်နေ ရာတွင် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

မေလ ၂၆ ရက်က တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ဖတ်ကြားပြီးနောက် အတည်ပြုလိုက်သည့် ဥပဒေကြမ်းအရ ဘဏ်များသည် ၎င်းတို့၏ အဆောက်အအုံဝန်းအတွင်း အီလက်ထရွန်နစ် ဒရုန်းဖျက်စနစ်များ တပ်ဆင်ခကို ကိုယ်တိုင်ကျခံရမည်ဖြစ်ပြီး ရွေးချယ်ထားသော ဝန်ထမ်းများသည်လည်း ပျံသန်းဝင်ရောက်လာသည့် ဒရုန်းများကို ပစ်ချရမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို ပြီးခဲ့သည့် သြဂုတ်လတွင် စတင်တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ အတိုင်းအတာကို ပိုမိုတိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် အင်တာဖက်စ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုဥပဒေမှာ အတည်မဖြစ်လာသေးဘဲ အထက်လွှတ်တော်ဖြစ်သည့် ဖက်ဒရယ်ကောင်စီ၏ အတည်ပြုချက်ရယူရန် လိုအပ် နေသေးသည့်အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင် လက်မှတ်ရေးထိုးပြီးမှသာ အကျုံးဝင်လာမည်ဖြစ်သည်။

တိုးတက်ကောင်းမွန်လာသည့် ယူကရိန်း၏ အဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုအရေအတွက် ပိုမိုများပြားလာရာ ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ ကျယ်ပြန့်လှသော နယ်မြေထုကြီးကို ကာကွယ်ရန် ခက်ခဲနေကြောင်း တွေ့ရှိရသည်။

ထို့အပြင် ပိုမိုသေးငယ်သော ဒရုန်းများသည်လည်း ကီလိုမီတာ ၁၂၅၀ ရှည်လျားသည့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက်ရှိ ရုရှားတပ်ဖွဲ့များကို ဟန့်တားနှောင့်နှေးစေရုံ သာမက၊ ကျူးကျော်ဝင်ရောက်လာသော ရုရှားစစ်တပ်၏ ထောက်ပို့ လမ်းကြောင်းများကိုပါ အနှောင့်အယှက်ပေးနေကြောင်း အနောက် နိုင်ငံမှလေ့လာဆန်းစစ်သူများနှင့် တာဝန်ရှိသူများက ပြောကြားသည်။

မော်စကို၏ ကျူးကျော်မှုအပြီး ဖြစ်ပွားခဲ့သော လွန်ခဲ့သည့် လေးနှစ်တာ စစ်ပွဲကာလအတွင်းတွင်မူ ရုရှားဘဏ်များသည် ယူကရိန်းဒရုန်းများ၏ အဓိကပစ်မှတ်တစ်ခု ဖြစ်ခဲ့ဖူးကြောင်း ထင်ရှားစွာ မရှိခဲ့ပေ။

အဆိုပါ ဥပဒေကြမ်းတွင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းဖော်ပြထားခြင်း မရှိသလောက် နည်းပါးသဖြင့် ယခုကဲ့သို့သော စီမံကိန်းမျိုးသည် မည်သို့မည်ပုံ လည်ပတ်လုပ်ဆောင်မည်နည်း ဟူသောအချက်နှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ပေါ်ထွက်လျက်ရှိသည်။

ကိရိယာတန်ဆာပလာများကို နေရာအနှံ့အပြားတွင် တပ်ဆင်ခြင်းနှင့် ၎င်းတို့ကို မည်သို့အသုံးပြုရမည်ကို ဝန်ထမ်းများအား သင်တန်းပေးခြင်းတို့ ပြုလုပ်ရန်အတွက် ကြီးမားလှသော အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကြိုးပမ်းအားထုတ်မှုမျိုး လိုအပ်မည်ဖြစ်သည်။အဆိုပါ အစီအစဉ်တွင် ရုရှားဗဟိုဘဏ်အပြင် နိုင်ငံပိုင် ရှယ်ယာအများစု ပါဝင်သော Sberbank ကဲ့သို့သော ထိပ်တန်းဘဏ်ကြီးများလည်း ပါဝင်သည်။

ရုရှားနိုင်ငံရှိ မြို့တိုင်းနီးပါးတွင် ဘဏ်ခွဲများရှိနေသောကြောင့် ၎င်းတို့ကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် ထည့်သွင်းပူးပေါင်းလိုက်ခြင်းက ရုရှား၏ လေကြောင်းကာကွယ်ရေး ဧရိယာကို ပိုမိုကျယ်ပြန့်လာစေရန် ကူညီပေးနိုင်မည် ဖြစ်သည်။သို့သော်လည်း သမ္မတပူတင်အနေဖြင့် ရုရှားပြည်သူများကို စစ်ပွဲဒဏ်နှင့် ကင်းဝေးအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးလိုချိန်တွင် ယခုကဲ့သို့ အရပ်သား ပြည်သူများကို စစ်ပွဲထဲသို့ ဆွဲသွင်းခြင်း  အခြေအနေ ဖြစ်လာစေ လိမ့်မည်ဖြစ်သည်။                                           

Ref:ABC News

Most Read

Most Recent