ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ တစ်နှစ်သုံးစွဲငွေမှာ ဘတ် ၂၂၁ ဘီလျံခန့်ရှိ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ တစ်နှစ်သုံးစွဲငွေမှာ ဘတ် ၂၂၁ ဘီလျံခန့်ရှိ
Published 26 May 2026

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ တစ်နှစ်သုံးစွဲငွေမှာ ဘတ် ၂၂၁ ဘီလျံခန့်ရှိသည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

စီးပွားရေး အကြံပေးဌာန Happios က ထုတ်ပြန်သည့် စစ်တမ်းကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်း ဖြစ်ကာ မြန်မာနိုင်ငံသားများ၏ များပြားသည့် ငွေကြေးသုံးစွဲမှုမှာလျင်လျင်မြန်မြန် တိုးတက်လာနေသော်လည်း အာရုံစိုက်မှုများမှတစ်ဆင့် ကင်းလွတ်နေသည့် ငွေလုံးငွေရင်း အရင်းအမြစ်တစ်ခု ဖြစ်လာကြောင်း သတင်းတွင် ဖော်ပြထားသည်။

Happios ၏ စစ်တမ်းအရ ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား လေးသန်းခန့်ရှိနေပြီး ၎င်းတို့၏ ရှာဖွေစုဆောင်းသည့် လုပ်ခများအနက် ၆၅ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံအတွင်းမှာပင် ပြန်လည်အသုံးပြုဖွယ်ရှိသည်ဟု သိရသည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို အခြေခံလုပ်သားများအဖြစ် သတ်မှတ်ထားသည့် ပုံရိပ်နှင့် ဆန့်ကျင်ကာ ဝယ်ယူနိုင်စွမ်းမှာ အားကောင်းနေကြောင်း၊ စီးပွားရေး ပညာရှင်များက ထိုင်းရောက်မြန်မာလုပ်သားများ၏ သုံးစွဲမှုအခြေအနေများကို အပြာရောင်သမုဒ္ဒရာ ဈေးကွက်ဟု ရည်ညွန်းလေ့ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာလုပ်သားများ၏ ဝယ်ယူနိုင်စွမ်းများမှာ ကြီးမားကျယ်ပြန့်သော်လည်း ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ အမှတ်တံဆိပ်များက အာရုံစိုက်လုပ်ဆောင် နေခြင်းမရှိသေးသည့် အခြေအနေတစ်ခုဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။

မြန်မာလုပ်သားများ၏ ငွေကြေးများမှာ ထိုင်းနိုင်ငံအစားအသောက်ဈေးကွက်တွင် ၁၇ ဒသမ ၄ ရာခိုင်နှုန်း၊ အိမ်ခြံမြေဈေးကွက်အတွင်း ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဒစ်ဂျစ်တယ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်း ဈေးကွက်အတွင်း ရှစ်ရာခိုင်နှုန်း၊ ကျန်းမာရေးဝန်ဆောင်မှု ဈေးကွက်အတွင်း လေးရာခိုင်နှုန်းအထိ အဓိကစီးဝင်နေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ ဘန်ကောက်မြို့နှင့် ဆင်ခြေဖုံးများတွင် အများဆုံးအဖြစ် ၃၈ ဒသမ ၈ ရာခိုင်နှုန်းနေထိုင်ကာ အလယ်ပိုင်းပြည်နယ်များတွင် ဖြန့်ကျက်နေထိုင်သူ ၃၉ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း၊ ထိုင်းကုမ္ပဏီအများအပြားမှာ မြန်မာလုပ်သားများကို ဈေးပေါသည့် အောက်ခြေလုပ်သားများအဖြစ်သာ သတ်မှတ်ယူဆထားပြီး ၎င်းတို့၏ စားသုံးသူပုံရိပ်၊ ငွေသုံးစွဲနိုင်အားအပေါ် မျက်ခြေပြတ်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအမှတ်တံဆိပ်များအနေဖြင့် မြန်မာစားသုံးသူဖောက်သည်များကို ဆွဲဆောင်ရာတွင် သမားရိုးကျ မြန်မာဘာသာပြန် စာရေးထားရုံမျှဖြင့် မလုံလောက်ဘဲ ယုံကြည်မှုတည်ဆောက်နိုင်သည့် အဆင့်မျိုးအထိ ကြိုးစားလုပ်ဆောင်သင့်ကြောင်း လက်ရှိတွင် မြန်မာစားသုံးသူဈေးကွက်မှာ အသစ်စက်စက် ဈေးကွက်သဘော မျိုးဖြစ်နေပြီး ပြိုင်ဆိုင်မှုများ ပြင်းထန်မလာမီတွင် ထိုင်းကုမ္ပဏီများအနေဖြင့် စနစ်တကျ လက်ဦးမှုယူကာ ကြိုတင်ပြင်ဆင်သင့်ကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

Most Read

Most Recent