၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်တွင် စည်ပင်သာယာရေးလုပ်ငန်းများကို ကျပ် ၁၄ ဘီလျံဖြင့် ဆောင်ရွက်မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်တွင် စည်ပင်သာယာရေးလုပ်ငန်းများကို ကျပ် ၁၄ ဘီလျံဖြင့် ဆောင်ရွက်မည်
Published 25 May 2026

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်တွင် စည်ပင်သာယာရေးလုပ်ငန်းများကို ကျပ် ၁၄ ဘီလျံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။

၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းချုပ်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်  ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၁၄၉၁၁ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ငွေလုံးငွေရင်းနှင့် ကြွေးမြီပေါင်းလျှင် ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းရှိကြောင်း၊ ဝင်ငွေအပေါ် အသုံးစရိတ်မှာ ၁၀၂ ရာခိုင်နှုန်း လျာထားဆောင်ရွက်ကြောင်း သိရသည်။

၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် အခွန်နှင့် သာမာန်ရငွေ ၂၆ ဘီလျံရှိခဲ့ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ၂၉ ဘီလျံကျော် လျာထားဆောင်ရွက်နိုင်ခဲ့သဖြင့် အခွန်တိုးတက်ရရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရငွေလျာထားချက်တွင် ပစ္စည်းခွန်ရငွေ၊ ဘီးခွန်ရငွေ၊ စျေးဆိုင်ခန်း မှတ်ပုံတင်ခနှင့် စျေးဆိုင်ခန်း လခများ၊ ရေပေးခြင်းမှ ရငွေ၊ အဆောက်အဦစစ်ဆေးကြီးကြပ်ခြင်းမှ ရငွေ၊ အခွင့်အရေး လိုင်စင် (လေလံ) လုပ်ငန်းမှ ရငွေ၊ သားသတ်လုပ်ငန်းမှ ရငွေ၊ လုပ်ငန်းလိုင်စင်ခ ရငွေ (အိမ်ဆိုင်နှင့် အခြားလုပ်ငန်းများ)၊ ဒဏ်ငွေ၊ ဘဏ္ဍာငွေနှင့် အခြားရငွေများ၊ ပစ္စည်းဟောင်းများ ရောင်းချခြင်းမှရငွေ၊ အမှိုက်သိမ်းဆည်းခြင်းမှရငွေ၊ အခြားရငွေများ ပါဝင်ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားစာရင်းချုပ်မှာ လမ်းလုပ်ငန်း၊ တံတားလုပ်ငန်း၊ ရေပေးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်း၊ စုစုပေါင်းလုပ်ငန်း ၇၁၆ ခုရှိကာ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၄ သန်းကျော်ရှိကြောင်း သိရသည်။

အသေးစိတ်စာရင်းများအရ လမ်းလုပ်ငန်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လုပ်ငန်းပေါင်း ၁၄၄ ခုအတွက် ကျပ်သန်း ၃၂၁၆ ကျော်၊ ရှမ်းမြောက်တွင် လုပ်ငန်းပေါင်း ၅၁ ခု အတွက် ကျပ်သန်း ၂၁၂၂ သန်းကျော်၊ ရှမ်းရှေ့ တွင် လုပ်ငန်းပေါင်း ၃၄ ခု ကျပ်သန်းပေါင်း ၁၃၂၇၊ စုစုပေါင်း လမ်းလုပ်ငန်းပေါင်း ၂၂၉ အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ကျော် လျာထားကြောင်း သိရသည်။

Most Read

Most Recent