အမေရိကန်နိုင်ငံသို့ ယာယီဗီဇာဖြင့် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအနေဖြင့် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားလိုပါက ၎င်းတို့၏ မိခင်နိုင်ငံများသိုပြန်ပြီး လျှောက်ထားရမည်ဟု သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ယခုလုပ်ဆောင်ချက်သည် လက်ရှိကျင့်သုံးနေသည့် တရားဝင် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါမူဝါဒသည် Green Card လျှောက်ထားမှုများကို ဟာကွက်များရှိနေသည့် နည်းလမ်းများမှတစ်ဆင့် အမေရိကန်တွင်ရှိနေချိန်တွင် လျှောက်ထားခွင့်ပြုမည့်အစား၊ ပုံမှန်လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အမေရိကန်နိုင်ငံမှာ ယာယီရောက်ရှိနေပြီး Green Card လျှောက်ထားချင်တဲ့ ပြည်ပနိုင်ငံသားတွေဟာ Green Card လျှောက်ထားဖို့အတွက် သူတို့ရဲ့ မိခင်နိုင်ငံတွေဆီကို ပြန်ရပါမယ်။ ဒီမူဝါဒဟာ ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဥပဒေက ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး စနစ်ရဲ့ ဟာကွက်တွေကို အခွင့်ကောင်းယူတာမျိုးကို တားဆီးပေးမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
မေ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်အသစ်တွင် အမေရိကန်နိုင်ငံအတွင်း ရှိနေချိန်တွင် အမြဲတမ်း နေထိုင်ခွင့် ရယူခြင်းသည် အလိုအလျောက် ရရှိနိုင်သည့် အခွင့်အရေးတစ်ခု မဟုတ်ဘဲ အခြေအနေအပေါ် မူတည်၍ ခွင့်ပြုပေးနိုင်သည့် ခံစားခွင့်သာဖြစ်ကြောင်း အမေရိကန် နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆိုင်ရာဌာန (USCIS) က ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး အရာရှိများအနေဖြင့် လျှောက်လွှာများကို တစ်ခုချင်းစီအလိုက် သုံးသပ်အကဲဖြတ်သင့်ကြောင်း USCIS က မှတ်ချက်ပြုခဲ့ပြီး၊ ယေဘုယျအားဖြင့် လူဝင်မှုကြီးကြပ်ရေးစနစ်သည် ယာယီဗီဇာ ကိုင်ဆောင်ထားသူများအနေဖြင့် ၎င်းတို့ လာရင်းကိစ္စပြီးဆုံးပါက နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းညွှန်ကြားချက်တွင် အရာရှိများအနေဖြင့် ဗီဇာစည်းကမ်း ချိုးဖောက်မှုများ၊ ခွင့်ပြုထားသည့် နေထိုင်ခွင့်သက်တမ်းထက် ကျော်လွန်နေထိုင်မှုများ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုများ၊ လိမ်လည်မှုများနှင့် လျှောက်ထားသူများသည် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ချိန်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်း ရှိ၊ မရှိ စသည့်အချက်များကို ထည့်သွင်းစဉ်းစားရန် ညွှန်ကြားထားသည်။
တစ်ချိန်တည်းမှာပင် အချို့သော ယာယီဗီဇာကိုင်ဆောင်ထားသူများကို အမေရိကန်တွင် နေထိုင်ရင်း အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ကိုပါ တရားဝင်ခွင့်ပြုထားသည့် Dual Intent ဗီဇာအမျိုးအစားများအပါအဝင် ချွင်းချက်အချို့ ပေးထားသည့်အချက်ကို USCIS က အသိအမှတ်ပြုထားသည်။
သို့သော် အဆိုပါ ဗီဇာအမျိုးအစားများသည် Green Card အတည်ပြုချက်ရရှိရန် အာမခံချက်မရှိကြောင်းနှင့် လာရောက်သူများသည် ၎င်းတို့၏ လာရင်းကိစ္စ ပြီးဆုံးပါက နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာရမည်ဆိုသည့် အချက်ကို ပြောင်းလဲစေမည်မဟုတ်ကြောင်း USCIS က ပြောကြားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများကမူ ယခုလုပ်ဆောင်ချက်အပေါ် ဝေဖန်ခဲ့ကြပြီး၊ ယင်းကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသူများသည် ၎င်းတို့၏ လျှောက်လွှာများအပေါ် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ်အတွင်း မလုံခြုံသော သို့မဟုတ် တည်ငြိမ်မှုမရှိသော ၎င်းတို့၏ မိခင်နိုင်ငံများသို့ မဖြစ်မနေ ပြန်သွားရမည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့ကြသည်။
ယခုမူဝါဒကြောင့် လူကုန်ကူးခံရသူများအပြင် အနိုင်ကျင့်ခံ၊ ပစ်ပယ်ခံရသည့် ကလေးသူငယ်များပါ ထိခိုက်နိုင်ကြောင်း ဒုက္ခသည်များနှင့် အခြားသော ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပံ့ပိုးပေးနေသည့် အကျိုးအမြတ်မယူသော HIAS အဖွဲ့အစည်းက ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အမြဲတမ်းနေထိုင်ခွင့် လုပ်ငန်းစဉ်၏ လုပ်ထုံးလုပ်နည်းအချို့ကို အပြီးသတ်လုပ်ဆောင်ရန် အမေရိကန်မှ ထွက်ခွာသွားရန် လိုအပ်မည်ဖြစ်သောကြောင့် ဖြစ်သည်။
ယခုလမ်းညွှန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ရန်နှင့် အမေရိကန်နိုင်ငံတွင် ရေရှည်နေထိုင်ခွင့်ရရှိမည့် လမ်းကြောင်းများကို ကန့်သတ်ရန် ပိုမိုကျယ်ပြန့်စွာ တွန်းအားပေးလုပ်ဆောင်လာသည့် နောက်ဆုံးခြေလှမ်းတစ်ရပ် ဖြစ်သည်။















