အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ မက်ဂွိုင်းရား၊ ဖိုဒန်နဲ့ ပါလ်မာတို့ ပါဝင်ခြင်းမရှိကြောင်း သတင်းထွက်နေ

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ မက်ဂွိုင်းရား၊ ဖိုဒန်နဲ့ ပါလ်မာတို့ ပါဝင်ခြင်းမရှိကြောင်း သတင်းထွက်နေ
Photo: X
Photo: X
Published 22 May 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ မက်ဂွိုင်းရား၊ ဖိုဒန်နဲ့ ပါလ်မာတို့ ပါဝင်ခြင်းမရှိကြောင်း သတင်းထွက်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်(၂၆)ဦးစာရင်းကို ဒီနေ့မှ ထုတ်ပြန်ကြေညာမှာဖြစ်ပေမဲ့ လွဲချော်ရမယ့် ကစားသမားတချို့ရဲ့အမည်က ကြာသပတေးညကတည်းက ကြိုတင်ထွက်ပေါ်နေတာပါ။

မန်ယူနောက်ခံလူ မက်ဂွိုင်းရားကတော့ သူ ရွေးချယ်ခြင်းမခံရကြောင်း Instagram မှာ ပို့စ်တင်ပြီး အတည်ပြုခဲ့တာပါ။

''ရာသီပြီးဆုံးသွားရင် ဒီနွေမှာ ကျွန်တော့်နိုင်ငံအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ကစားရမယ်လို့ ယုံကြည်ထားခဲ့တာပါ။ ချန်လှပ်ခံခဲ့ရတဲ့အတွက် အံ့အားသင့်မိသလို၊ ဒီဆုံးဖြတ်ချက်အတွက်လည်း စိတ်ပျက်မိပါတယ်။ ကစားသမားအားလုံး အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုပါတယ်'' လို့ မက်ဂွိုင်းရားက ရေးသားခဲ့တာပါ။

ချယ်လ်ဆီးကြယ်ပွင့် ပါလ်မာနဲ့ မန်စီးတီးကြယ်ပွင့် ဖိုဒန်တို့ မပါဝင်ကြောင်းကိုတော့ စိတ်ချရတဲ့ သတင်းရင်းမြစ်တွေဆီက ရရှိတာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးက ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အမာခံကစားသမားတွေဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ခြင်းမရှိတာကြောင့် တူဟယ်လ်က ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

Most Read

Most Recent