ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Albino ရောဂါကြောင့် မွေးရာပါ အသားအရောင်နှင့် အမွေးအမှင်များ ဖြူဆွတ်နေသည့် ကျွဲတစ်ကောင်ကို ပိုင်ရှင်ဖြစ်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမည်ကို ပေးခဲ့ပြီးနောက် အဆိုပါကျွဲနှင့် ဓာတ်ပုံတွဲရိုက်ရန် လူအုပ်ကြီးက တိုးဝှေ့လျက်ရှိကာ ထိုကျွဲသည် လူမှုမီဒီယာတွင် ရေပန်းစားလာခဲ့သည်။
ကျွဲပိုင်ရှင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဇီယာ အူဒင် မရီဒါက ၎င်း၏ညီဖြစ်သူသည် ကီလိုဂရမ် ၇၀၀ (ပေါင် ၁၅၀၀) အလေးချိန်ရှိသော အဆိုပါကျွဲကြီး၏ ဦးခေါင်းပေါ်မှ အမွေးအမှင်များ၏ပုံစံမှာ အမေရိကန်သမ္မတထရန့်၏ ထူးခြားသော ဆံပင်ပုံစံနှင့် ဆင်တူနေသောကြောင့် ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွဲရဲ့ ထူးခြားလွန်းတဲ့ ဆံပင်ပုံစံကြောင့် ကျွန်တော့်ညီလေးက ဒီနာမည်ကို ရွေးပေးခဲ့တာပါ” ဟု မရီဒါက ဒါကာမြို့တော် အပြင်ဘက် နာရာယန်ဂန့်ဂ်ျမြို့ရှိ မွေးမြူရေးခြံတွင် AFP သတင်းဌာနကို ပြောကြားခဲ့သည်။
အင်တာနက်ပေါ်တွင် လူပြောများနေသည့် အဆိုပါကျွဲကြီးကို အပြင်မှာ မြင်တွေ့လိုကြသော လူမှုကွန်ရက်ပရိသတ်များ၊ လာရောက်ကြည့်ရှုသူများနှင့် ကလေးငယ်များအပါအဝင် စိတ်ဝင်တစားရှိကြသည့် ဧည့်သည်အုပ်စုကြီးသည် မေလတစ်လလုံး အဆက်မပြတ် လာရောက်ကြည့်ရှုခဲ့ကြကြောင်း မရီဒါက ပြောကြားခဲ့သည်။
ဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် ထိုကျွဲကြီးကို လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်မည်ဖြစ်သည်။















