■ အမေရိကန်က တိုက်ခိုက်လာပါက သွေးချောင်းစီးပြီး အကျိုးဆက်ကြီးလိမ့်မည်ဟု ကျူးဘား သတိပေး

■ အမေရိကန်က တိုက်ခိုက်လာပါက သွေးချောင်းစီးပြီး အကျိုးဆက်ကြီးလိမ့်မည်ဟု ကျူးဘား သတိပေး
Published 19 May 2026

အမေရိကန်နှင့် ကျူးဘားတို့ကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာပြီး အမေရိကန်ဘက်က စစ်ရေးအရ တိုက်ခိုက်လာပါက သွေးချောင်းစီးသည့်အကျိုးဆက်နှင့် ကြုံရလိမ့်မည်ဟု ကျူးဘားခေါင်းဆောင်က မေ ၁၈ ရက်တွင် သတိပေးလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကျူးဘားထောက်လှမ်းရေးအေဂျင်စီနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။

ကျူးဘားက ရုရှားနှင့် အီရန်တို့ထံမှ စစ်ဘက်သုံးဒရုန်း အစင်း ၃၀၀ ကျော် ရရှိထားပြီး ကျူးဘားအရှေ့ပိုင်းရှိ ဂွမ်တာနာမိုပင်လယ်ကွေ့ အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်စစ်ရေယာဉ်များနှင့် ဖလော်ရီဒါပြည်နယ်အထိပါ ဒရုန်းဖြင့်တိုက်ခိုက်ရန် စဉ်းစားနေကြောင်း အမည်မဖော်လိုသည့် အမေရိကန်ထောက်လှမ်းရေး အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်က စစ်ရေးနည်းဖြင့် ကျူးဘား၏ ကွန်မြူနစ်အစိုးရကို ဖြုတ်ချရန် ချိန်ဆနေသည်ဆိုသည့် ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန် Axios သတင်း ထွက်လာခြင်းဖြစ်သည်။

ကျူးဘားသမ္မတ မီဂဲယ်ဒီယက်-ကနယ်လ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကျူးဘားသည် အမေရိကန်အတွက်ရော အခြားမည်သည့်နိုင်ငံအတွက်မဆို အန္တရာယ်ရှိသည့်နိုင်ငံ မဟုတ်ကြောင်း ထပ်ပြောလိုက်ပြီး အမေရိကန်က တိုက်ခိုက်လာပါက သွေးချောင်းစီးသွားလိမ့်မည်၊ နောက်ဆက်တွဲက အလွန်ပင်ကြီးသွားလိမ့်မည်ဟု သတိပေးခဲ့သည်။ 

ကျူးဘားအနေဖြင့် စစ်ရေးအရ တိုက်ခိုက်လာမှုများအပေါ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အကြွင်းမဲ့ရှိကြောင်းလည်း  ကျူးဘားခေါင်းဆောင်က ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံအမတ်ကြီးကလည်း အလားတူ တုံ့ပြန်ခဲ့သည်။ "ဘယ်သူပဲဖြစ်ဖြစ် ကျူးဘားကို ကျူးကျော်ဖို့ ကြိုးစားလာရင် ကျူးဘားဘက်က ပြန်လည်တိုက်ခိုက်သွားမှာပါ" ဟု သံအမတ်ကြီး အာနက်စတို ဆိုဘီရွန် ဂုဇ်မန်က နယူးယောက်တွင် AFP သတင်းဌာနကို ပြောသည်။ "၆၀ ခုနှစ်တွေတုန်းကလည်း အမေရိကန်က ကျူးဘားကို ကျူးကျော်ဖို့ ကြိုးစားခဲ့ပေမဲ့ အရေးနိမ့်ခဲ့တာပဲ။ အခြေအနေချင်း မတူတော့ဘူးလို့ လူတွေက ပြောကြမှာပဲ။ ဟုတ်တယ်၊ အခြေအနေချင်း မတူတော့ဘူး။ ဒါပေမဲ့ ကျူးဘားပြည်သူတွေရဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲမသွားဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။

အမေရိကန်က မေ ၁၈ ရက်တွင် ကျူးဘားထောက်လှမ်းရေးအေဂျင်စီနှင့် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် တရားရေးဝန်ကြီးများ အပါအဝင် ကျူးဘားနိုင်ငံသားကိုးဦးကို ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။ ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိအချို့နှင့် စစ်ဗိုလ်ချုပ်သုံးဦးလည်း ပိတ်ဆို့ခံရသည့်အထဲပါသည်။

အမေရိကန်သည် ဇန်နဝါရီကတည်းက ကျူးဘားကို တရစပ်ဖိအားများ ပေးခဲ့ပြီး ထိုလအတွင်း ဗင်နီဇွဲလားခေါင်းဆောင်ကို လုပ်ဆောင်ခဲ့သကဲ့သို့ ကျူးဘားခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန် ဒေါ်နယ်ထရန့်က စဉ်းစားခဲ့သည်။

ကျူးဘား၏ အဓိက လောင်စာဆီပံ့ပိုးသူဖြစ်သည့် ဗင်နီဇွဲလားမှ ဆီတင်ပို့မှုများကို အမေရိကန်က ပိတ်ပင်လိုက်ခြင်းဖြင့်လည်း ကျူးဘား၏ နောက်ဆုံး စီးပွားရေးအသက်သွေးကြောတစ်ခုကို ဖြတ်တောက်ခဲ့သည်။ ဆီပြတ်လပ်မှုကို အစားထိုးဖြည့်ဆည်းပေးမည့် မည်သည့်နိုင်ငံမဆို အကောက်ခွန်တိုးကောက်မည်ဟုပါ ခြိမ်းခြောက်ခဲ့သည်။ ထရန့်၏ ရေနံပိတ်ဆို့မှုကြောင့် ကျူးဘား၏ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် စွမ်းအင်အကျပ်အတည်းမှာ ပိုဆိုးရွားလာခဲ့သည်။  

Ref: AFP

 

Most Read

Most Recent