AA၊ DPLA ၊ TNLA နှင့် PDF အဖွဲ့ဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၁၀၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကျောက်မဲမြို့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ သီပေါမြို့မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို မေ ၁၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အလားတူ AA အဖွဲ့မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၃ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ၁ ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ၂ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ် မှ ၁၂ ဦး၊ အင်္ဂပူမြို့နယ်မှ ၃ ဦး၊ ရေကြည်မြို့နယ်မှ ၂ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင်အမျိုးသား ၂၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို မေ ၁၁ ရက်နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြကြောင်း သိရသည်။
ယင်းနောက် AA အဖွဲ့မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၃ လက်၊ M-22 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၃၃၈ တောင့်နှင့် ကျည်အိမ် ၆ ခုတို့ကို လွှဲပြောင်းအပ်နှံရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လက်ခံရယူခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၅ လက်အတွက် ငွေကျပ်သိန်း ၂၅၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၉၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၃၄၆ သိန်းကိုပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။















