ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးပိုင်သည့် ဘတ် ၅၀ သန်းကျော်တန်ဖိုးရှိ အခွန်ရှောင်ပစ္စည်းများကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းဖမ်းဆီး

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးပိုင်သည့် ဘတ် ၅၀ သန်းကျော်တန်ဖိုးရှိ အခွန်ရှောင်ပစ္စည်းများကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းဖမ်းဆီး
Published 11 May 2026

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးပိုင်သည့် ဘတ် ၅၀ သန်းကျော်တန်ဖိုးရှိ အခွန်ရှောင်ပစ္စည်းများကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်အရသိရသည်။

မေလ ၁၀ ရက်က ဘတ် သန်း ၅၀ ကျော်တန်ဖိုးရှိသည့် အခွန်ရှောင်ကုန်ပစ္စည်းများကို ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ မစ္စတာ အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ရင် (Bang Rin) ရပ်ကွက်ရှိ လမ်းမကြီး ၄၀၈၀ ဘေးရှိ နံပါတ်မပါသော "168 Transport Logistics Co., Ltd" ဂိုဒေါင်တစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးက ကုန်စည်များတရားမဝင် သိုလှောင်ထားကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲနှင့် စစ်တပ်တို့က ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ်လည်း အရေးပေါ် လိုက်ပါစစ်ဆေးခဲ့ကြောင်းသိရသည်။

" မြိတ်က ခရိုနီကြီးတစ်ပိုင်တာလို့ သိရတယ်၊ ကုန်စည်တွေက မြန်မာနိုင်ငံမှာ သွားရောင်းမယ့် ပစ္စည်းတွေသူတို့ဆီကပဲ ဝယ်ထားတာ သူတို့နိုင်ငံမှာပဲ သိုလှောင်ထားတယ်၊ သတင်းပေးလိုက်လို့လာ ဖမ်းသွားတာလို့" ရနှောင်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသည့် ကုန်စည်များမှာ စက်မှုဇုန်နှင့် ဟိုတယ်များတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများ၊ မီးစက်ကြီးများ၊အဲယားကွန်းအလုံး ၂,၀၀၀ ကျော်၊ ရေစုပ်စက်များနှင့် ရေခဲသေတ္တာများ အပါအဝင် စုစုပေါင်း ဘတ် ၅၀ သန်းကျော် တန်ဖိုးရှိကြောင်းသိရသည်။

"အစိုးရမှာ တရားမဝင်လုပ်ငန်းမှန်သမျှကို နှိမ်နှင်းဖို့ပြတ်သားတဲ့ မူဝါဒရှိတယ်။ ရနောင်းမှာ ကုန် ပစ္စည်းအမြောက်အမြား ဖမ်းမိတယ်ဆိုတဲ့သတင်း ကြားတာနဲ့ ကျွန်တော်ကိုယ်တိုင် လာစစ်ဆေးတာဖြစ်တယ်"လို့ ထိုင်းဝန်ကြီးချုပ်အနုတင်က မီဒီယာများကို ဖြေကြားခဲ့သည်။

အဆိုပါ ဂိုဒေါင်ကိုဖမ်းဆီးစဉ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းမှ ဖုန်းခေါ်ဆိုမှုများ ရှိခဲ့သလို ထိုင်းနိုင်ငံရှိ ရဲအရာရှိကြီးများကို သိသည်ဟုဆိုကာ ဖမ်းဆီးမှုကို ရပ်တန့်ရန် ဖိအားပေးသည့် လျှို့ဝှက်ဖုန်းခေါ်ဆိုမှုများလည်း ရှိခဲ့ကြောင်းသိရသည်။

" စီမံကိန်းကြီးတွေ စက်မှုဇုန်တွေမှာ သုံးဖို့ဝယ်ယူထားတာ အများကြီးပဲ၊ ဘယ်သူ့ဟာလဲ သိနေကြတာပေါ့။ ထုံးစံအတိုင်းအရာရှိတွေနဲ့ သိတယ်ပိုင်တယ်ဆိုင်တယ်ဆိုပြီး ဖုန်းဆက်တယ်ကြားရတယ်၊ အခုက ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းဖမ်းတာလေ"လို့ မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်က တာဝန်ကျေပွန်ခဲ့သည့် ဖမ်းဆီးရေးအဖွဲ့များကို ချီးကျူးခဲ့ပြီး ဂိုဒေါင်အတွင်း ကုန်စည်ပမာဏ လွန်စွာများပြားစွာသိုလှောင်ထားမှုကို အံ့သြခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒီနေ့ ကျွန်တော်တို့ကိုယ်တိုင် ဒီကိုရောက်နေပြီ။ဒီအမှုကိုလာပြီး ညှိနှိုင်းဖြေရှင်း (Clear) ပေးနိုင်မယ့် ဘယ်လူကြီးမှ ကျွန်တော်တို့ထက် ပိုမြင့်တာမရှိတော့ဘူး။ နှိမ်နင်းမှုတွေကို ဆက်လုပ်သွားမယ်၊နိုင်ငံ တော်ပိုင်အဖြစ်သိမ်းမယ်။ ဘယ်သူပဲဖြစ်ဖြစ် တရားမဝင်ကုန်ပစ္စည်း ခိုးသွင်းဖို့ကြံစည်နေရင်တော့ ခင်ဗျားတို့ လွတ်မှာမဟုတ်ဘူး"လို့ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသည့် ကုန်စည်များကို အသေးစိတ်စစ်ဆေးပြီး နိုင်ငံတော်ပိုင်အ​ဖြစ် သိမ်းဆည်းမည်ဖြစ်သလို ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

Most Read

Most Recent