ထိုင်းနိုင်ငံတွင် တရုတ်ဘာသာပြန်အဖြစ် လုပ်ကိုင်သူ မြန်မာလုပ်သားကို တရုတ်အလုပ်ရှင်နှင့် လူတစ်စုက ဝိုင်းဝန်းနှိပ်စက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာလုပ်သားက တရုတ်အလုပ်ရှင်အပါအဝင် လူတစ်စုက ငါးနာရီကျော်ကြာ ဝိုင်းဝန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်သည်ဟု သိရသည်။
ကိုသားသားအမည်ရှိ ယင်းမြန်မာလုပ်သားမှာ ခန္ဒာကိုယ်အနှံ့တွင် ဒဏ်ရာအများအပြားရရှိကာ ထွက်ပြေးလာပြီးနောက်တွင် ထိုင်းနိုင်ငံတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် Gun Jompalang ထံအကူအညီတောင်းခံခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
နှိပ်စက်ခံရသည့် မြန်မာလုပ်သား၏ အဆိုအရ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရုတ်အလုပ်ရှင်များအတွက် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ပြီး တစ်လလျှင် ဘတ် ၂၀,၀၀၀ ရရှိသော်လည်း လုပ်ခဘတ် ၁၂,၀၀၀ ခန့် မပေးရသေးကြောင်း သတင်းတွင် ရေးသားထားသည်။
ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လူများက သူ့အားလစာယူရန် လာခေါ်ခြင်းဖြစ်သည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခဲ့သည်ဟု စကားပြန်မှတစ်ဆင့်ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။
ယင်းနောက် ၎င်းကို ရယောင်းရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားပြီး လူအများအပြားစောင့်နေသည့် အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် တရုတ်နိုင်ငံသား ခြောက်ဦး၊ စကားပြန်တစ်ဦးနှင့် ထိုင်းစကားပြောအမျိုးသားနှစ်ဦး အပါအဝင် လူရှစ်ဦးခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့က နှိပ်စက်ခဲ့ကြောင်း၊ တရုတ်အမျိုးသမီးတစ်ဦးက ဦးစွာရိုက်နှက်ခဲ့ပြီး အခြားသူများက ဆက်လက်ရိုက်နှက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းကို ဂေါက်ရိုက်တံနှင့် အကြိမ်ကြိမ်ရိုက်နှက်ခဲ့ပြီး မှောက်လျက်ထားကာ ရေနွေးပူဖြင့် လောင်းချနှိပ်စက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ယင်းအပြင် ပါးစပ်အတွင်းသို့ ရေနွေးပူများ လောင်းထည့်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ရေနွေးပူများမှာ ခန္ဒာကိုယ်အနှံ့တွင် ကျရောက်ပြီးနောက် အပူလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
ရွှေ့ပြောင်းအလုပ်သမားများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ခွာရန် ကိုသားသားက အားပေးအားမြှောက်ပြုသည်ဟု စွပ်စွဲကာ နှိပ်စက်ခဲ့ခြင်းဖြစ်ပြီး ယင်းစွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း၊ ဆောက်လုပ်ရေးလုပ်သားများမှာ လုပ်ခလစာကို နောက်ကျမှရရှိသဖြင့် အလုပ်မှ ထွက်သွားခြင်းဖြစ်သည်ဟု ကိုသားသားက ပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ခန့်ထားပြီး အများစုမှာ ငွေပေးချေမှု ပြဿနာများကြောင့် အလုပ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ကိုသားသားက ပြောကြားသည်။
နှိပ်စက်သူများက ခြေလက်များ ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် နှိပ်စက်နေခြင်းများကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားပြီး ကိုသားသားကို ပြသကာ ခြိမ်းခြောက်ခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
၎င်းတို့က လက်သည်းများကို ခွာယူရန် ကြိုးပမ်းခဲ့သော်လည်း ကိုသားသား၏ လက်သည်းများမှာ တိုလွန်းသဖြင့် မအောင်မြင်ခဲ့သော်လည်း လက်များတွင် ဒဏ်ရာများ ကျန်ရှိခဲ့ကြောင်း၊ နာရီပေါင်းများစွာ နှိပ်စက်ခံရပြီးနောက် နှိပ်စက်သူများအလစ်တွင် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဒဏ်ရာများနှင့် ထွက်ပြေးလာသည့် ကိုသားသားမှာ ယင်းနေရာမှ ၁၀ ကီလိုမီတာအထိ လမ်းလျှောက်ခဲ့ရပြီး လုံခြုံရေးစခန်းတစ်ခုကို အကူအညီတောင်းခံခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။
ဖြစ်စဉ်ကို လိုက်ပါကူညီနေသည့် ထိုင်းတက်ကြွလှုပ်ရှားသူ Gun Jompalang က ကိုသားသားကို စတင်မြင်တွေ့ရချိန်တွင် အံ့အားသင့်ခဲ့ပြီး ၎င်း၏ ခန္ဒာကိုယ်တွင် အညိုအမဲ စွဲနေသည့် ဒဏ်ရာများ၊ အရည်များ စိမ့်ထွက်နေသည့် ဒဏ်ရာများကို မြင်တွေ့ခဲ့ရသည်။
" ကံကြီးလွန်းလို့ မသေတာ" ဟု လူမှုကွန်ရက်တွင် Followers ၁၀ သန်းရှိသည့် တက်ကြွလှုပ်ရှားသူ Gun Jompalang က ပြောကြားသည်။
ကိုသားသားကိုဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ ကူညီရန် ပြည်နယ်အာဏာပိုင်များကို ဆက်သွယ်ထားပြီး ကျူးလွန်သူများကို တိုင်ကြားနိုင်ရန် ရယောင်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမှုမှာ ရာဇဝတ်မှုဖြစ်ပွားရာနေရာနှင့် သံသယရှိသူများကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်သောကြောင့် စုံစမ်းစစ်ဆေးသူများသည် အမှုကို လိုက်လံစုံစမ်းရာတွင် အခက်အခဲမရှိနိုင်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
" သူက မြန်မာနိုင်ငံက ဖြစ်ပေမယ့် ဒီဖြစ်ရပ်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းလူမျိုးတွေက သူ့ကို ဂရုစိုက်ပြီး အကူအညီပေးနေကြပါတယ်” တက်ကြွလှုပ်ရှားသူ Gun Jompalang က ပြောကြားသည်။
အလားတူ "မြန်မာနိုင်ငံမှာနေထိုင်တဲ့ ထိုင်းလူမျိုးတွေကိုလည်း ဂရုစိုက်ဖို့ မြန်မာလူမျိုးတွေကို တောင်းဆိုချင်ပါတယ်" ဟု မစ္စတာ Gun Jompalang က ပြီးခဲ့သည့် ကြာသပတေးနေ့က Facebook တွင် ရေးသားခဲ့သည်။















