စုံ/မ စနစ်ဖြင့် ယာဉ်မောင်းနှင်ခွင့် ကန့်သတ်ခြင်းမှာ ကောင်းမွန်သည်ဟု ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မေ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်/ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီပြသာနာဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကျိုးဆက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် Impact ရိုက်ခတ်မှုများရှိလာသည်ဟု ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သည့် ဦးမောင်မြင့်က ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
" ကျွန်တော်တို့နိုင်ငံမှာ ဒါတွေကို ခံနိုင်ရည်ရှိဖို့အတွက် အရန်ဆီတွေကို သူက တချိန်တုန်းကတော့ ရက် ၅၀၊ ရက် ၆၀ ကျော်ရှိတယ်ပေါ့။ အခုဆို ရက် ၆၀ ကျော်ကျော်ရှိလာပြီလို့ သိရတယ်။ အဲ့ဒီလိုအရန်ဆီတွေများလာတဲ့အကြောင်းရင်းကတော့ သုံးစွဲနိုင်တဲ့ သုံးစွဲတဲ့ပမာဏကိုလျှော့ချလို့ပေါ့။ သုံးစွဲတဲ့ ပမာဏလျှော့ချမှုကတော့ စုံ/မ ကားတွေ ရက်တွေကို တင်ပြထုတ်ပြန်လိုက်တာပေါ့ဗျာ။ လူတစ်ဦးချင်းကို တချို့သောကိစ္စများမှာ Impact ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ခြိုးခြံချွေတာဖို့အတွက် Drive လုပ်တဲ့သဘောပါပဲ။ အဲဒီတော့ ကားတွေကို စုံ/မ ထုတ်သလို ဆီပေးတာတွေကိုလည်း ကျွန်တော်တို့က တော်တော်လေးကို ကန့်သတ်လိုက်တဲ့အခါကျတော့ ကောင်းလာပါပြီ။ တော်တော်လေးကောင်းလာပါပြီ။အဲ့ဒီတော့ အဲ့ဒီဟာက အခု Normal ဖြစ်ပြီလားဆိုတော့ မဖြစ်သေးဘူးလေ။ အဲ့ဒီ ဟော်မုဇ်ရေလက်ကြားတို့ ရေနံထုတ်လုပ်မှုတို့ normal ဖြစ်ပြီဆိုရင်တော့ စုံ/မကား ကိစ္စကို ဖြေလျှော့လို့ရပါတယ်။ အခုတော့ မရသေးပါဘူး" ဟု ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
လတ်တလောတွင် မော်တော်ယာဉ်သုံးစွဲသည့် အများပြည်သူများအကြားတွင် မော်တော်ယာဉ်ထွက်ရမည့်ရက်ကို စုံ/မ သတ်မှတ်ထားခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဝေဖန်မှုများရှိနေချိန်တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လူမှုကွန်ရက် Tiktok မှတစ်ဆင့်ပြောကြားလာခြင်းလည်းဖြစ်သည်။
ကျောင်းဖွင့်ရာသီကာလသို့ ရောက်ရှိလာတော့မည့်အချိန်တွင် ဖျက်သိမ်းခြင်းမရှိသေးသည့် စုံ/မ စနစ်ကြောင့် မော်တော်ယာဉ်များကို ရက်အကန့်အသတ်ဖြင့်သာ မောင်းနှင်နိုင်တော့မည်ဖြစ်ပြီးယင်းအစား ကျောင်းဖယ်ရီများကိုသာ အသုံးပြုရတော့မည်ဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် ကျောင်းဖယ်ရီခများမှာလည်း ယခင်နှစ်ကထက်များစွာမြင့်တက်မည်ဖြစ်သဖြင့် အခက်အခဲများတွေ့နေရကြောင်း ကျောင်းသားမိဘများကြားတွင် ပြောကြားမှုများရှိနေသည်။
ယခင်က ကျောင်းဖယ်ရီခ ကျပ်တစ် သိန်းကိုးသောင်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ မြင့်တက်သွားသည်ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘအချို့ကလည်း ဆိုသည်။
" ဒီနှစ်က ဖယ်ရီခက တစ်သိန်းရှစ် သောင်းကနေ သုံးသိန်းခွဲဖြစ်သွားတော့ အွန်လိုင်းပဲ ထားရတော့မယ်" ဟု ကျောင်းသားမိဘတစ်ဦးက ငြီးတွားသည်။
စာသင်နှစ်တစ်နှစ်အတွက် ကျောင်း တက်ရောက်ရသည့်လမှာ ၁၀ လကြာမြင့်သည့် အတွက် တစ်လလျှင် ဖယ်ရီခ သုံးသိန်းခွဲ ကုန် ကျမည့်ကလေးငယ်တစ်ဦးအတွက် ကျောင်းဖယ်ရီခမှာ တစ်နှစ် ကျပ် ၃၅ သိန်းအထိ ကုန်ကျမည်ဖြစ်သည်။
လက်ရှိတွင် ကျောင်းဖယ်ရီခများအနေဖြင့် မြို့နယ်အနီးအဝေးအပေါ် မူတည်၍ တချို့မှာ တစ်မြို့နယ်ကျော်လျှင် ငါးသောင်းကျပ်ဟု သတ်မှတ်ထားရာမှ တစ်သိန်းကျပ်သို့ ပြောင်းလဲသတ်မှတ်ခြင်း၊ တချို့မှာဆီအကန့် အသတ်စနစ်သို့ ပြောင်းလဲသွားသဖြင့် ပြင်ပမှ ဆီဝယ်ယူ၍ ကျောင်းကား ပြေးဆွဲရမည့် အခြေအနေမျိုးလည်းရှိသည့်အတွက် ကားခ ဈေးနှုန်းများကို ယခင်ထက် ၅၀ ရာခိုင်နှုန်း အနိမ့်ဆုံး တိုးမြှင့်သတ်မှတ်ရန် ရှိလာကြောင်းလည်း ပြောဆိုမှုများ ရှိနေသည်။
လာမည့်နှစ်တွင် ကျောင်းဖယ်ရီခအနေဖြင့် ယခင်နှစ်ကထက်စာလျှင် များစွာမြင့်တက်လာခြင်းမှာ အမှန်ပင် ဖြစ်ပြီး လောင်စာဆီ ဈေးနှုန်းနှင့် စုံ/မ စနစ်ကြောင့် ယင်းသို့ဈေး နှုန်းတိုးလာခြင်းနှင့်အခက်အခဲများ ဖြစ်လာခဲ့သည်ဟု ကျောင်းသားမိဘများက ဆိုနေကြခြင်းဖြစ်သည်။
" စုံ/မစနစ်က ပယ်ဖျက်ပေးသင့်ပါပြီ။ ဆီပြဿနာကြောင့် ဒီလိုတွေထုတ်ပြန်ရတယ် ဆိုပေမဲ့ အခု ဆီပြဿနာက ပြေလည်နေပြီလို့ ပြောရပါမယ်။ သူ့ Quota နဲ့ သူထုတ်ရတယ်။ ဒီကာလမှာ ဘယ်သူမှမလိုအပ်ဘဲ ကားမသုံးကြဘူး။ နေ့စဉ်ဘဝရုန်းကန်မှုအတွက် ကားမဖြစ်မနေသုံးရမယ့်သူတွေအတွက် ဒီစနစ်က ဖိစီးမှုဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ မူဝါဒကပဲ မရှင်းတာလား။ ဌာနစုံနဲ့ ဖမ်းဆီးတဲ့အခါမျိုးမှာဆိုရင်တစ်နေရာနဲ့ တစ်နေရာ မတူတာတွေ တွေ့ရတယ်။ ဒီဟာရဲ့ နောက်ဆက်တွဲ အနေနဲ့ အဂတိ ဘယ်လောက်ရှိနိုင်သလဲ ဆိုတာပါထည့်တွက်ရမလိုဖြစ်နေတယ်။ ကျောင်းသားမိဘတွေ ဆိုရင်လည်း စုံ/မ ရှိလို့ ကျောင်းကားကို ပိုသုံးရတော့မယ်။ကျောင်းကားခ ဈေးနှုန်းတွေက တချို့ ကျောင်းတွေ ခြောက်သိန်းကျော်ရှိတယ်။ အနည်းဆုံး လာမယ့်နှစ်မှာ ရာခိုင်နှုန်း ၃၀၊ ၄၀ လောက် တက်သွားဖို့ရှိနေတယ်။ ဒါ့ကြောင့်ကျောင်းဖွင့်ချိန်မှာ မိဘပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ တာဝန်ရှိသူတွေအနေနဲ့ ချင့်ချိန် ပေးသင့်ပါတယ်။နေ့စဉ်ဘဝမှာ ပြည်သူအပေါ် အခက်အခဲ၊ အကျပ်အတည်းဖြစ်စေတဲ့ စုံ၊မ စနစ်လိုမျိုးဟာ တွေကိုပြန်လည်သုံးသပ်ပြင်ဆင်သင့်ပါပြီ" ဟုလည်း ရန်ကင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကလည်း မှတ်ချက်ပြု ပြောကြားသည်။
အလားတူ ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ယာဉ်အသုံးပြုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း " ကျွန်တော်ဆိုရင်လည်း ဂျပန်တစ်ပတ်ရစ်ကားလေး တစ်စီးပဲရှိပါတယ်။ စုံ၊ မ နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ တစ်ပတ်မှာ ခြောက်ရက် ရုံးတက်ရတယ်။ သုံးရက်က ကိုယ့်ကားနဲ့သွားတယ်။ ကျွန်တော့်ကား အင်ဂျင်ပါဝါအရဆိုရင် ပွိုင့် ၃ ဖြစ်တဲ့အတွက် တစ်ပတ်ကိုဆီခွဲတမ်း ၃၅ လီတာရပါတယ်။ ကျွန်တော့်အတွက် စုံ၊ မ မခွဲဘဲ မောင်းမယ်ဆိုရင် တစ်ပတ်ကို ၃၅ လီတာက လောက်ပါတယ်။ ဒါပေမဲ့ သုံးရက်က စီးခွင့်မရတော့ ကားငှားစီးရတယ်။တက္ကစီခက အသွားအပြန် ငါးသောင်းနဲ့ ခုနစ်သောင်း ကြားကျတယ်။ တစ်ပတ်ကို နှစ်သိန်းနဲ့ သုံးသိန်းကြားလောက်ကျတယ်။ ဒါက ရုံးသွားရုံးပြန်ပဲ တွက်တာပါ။ ဘတ်စ်ကားနဲ့သွားလို့လည်း အဆင်မပြေပါဘူး။ အဲဒီတော့ ကျွန်တော့်ကားနဲ့ ကျွန်တော်ရုံးတက်ရင် ဆီဖိုးအတွက် တစ်ပတ်ကို တစ်သိန်းခွဲကျော်ကျော်ပဲကုန်ပါတယ်။ ဒါပေမဲ့ ကားငှားရတဲ့အတွက် ငွေနှစ်သိန်းကျော်က အပိုကုန်ကျသွားသလို ဖြစ်သွားတယ်" ဟု ပြောကြားသည်။
" စုံ/မ စနစ်က စကတည်းက နယ်ပယ်အသီးသီးကနေပြီးတော့ ဝိုင်းဝန်းဝေဖန်ထောက်ပြကြတယ်။ ဒီစနစ်က ဆီချွေတာရေးနဲ့ မဆိုင်ဘူး။ အခု ကျွန်တော်တို့ ဆီချွေတာရေးအတွက် Quota တွေ၊ ဘားကုတ်တွေနဲ့ ဆီကို စနစ်တကျပေးနေတယ်။ အကန့် အသတ်နဲ့ ပေးနေတယ်။ ဒါက ဆီချွေတာရေးအတွက် ကောင်းတဲ့စနစ်ဖြစ်တယ်။ စုံ/မ စနစ်က တဦးချင်းစီ အခြေခံလူထုဆီမှာ အခက်အခဲတွေ၊ ထိခိုက်မှုတွေရှိတယ်။ ဒါကို ကဏ္ဍအသီးသီးကနေပြီးတော့ ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာလည်း အားလုံးအသိဖြစ်တယ်။ စုံ/မ စနစ်က ကောင်းတယ်ထိရောက်တယ်ဆိုလို့ရှိရင် ဘာတွေကောင်းတာလဲ ဘယ်အချက်က ပြည်သူအပေါ်ကောင်းမွန်စေတာလည်းဆိုတာ မေးခွန်းထုတ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ ဥပမာ ကားတစ်စီးပဲရှိတဲ့သာမန်ပြည်သူတွေအတွက် ဒီကားနဲ့ပဲ အလုပ်၊ ကျောင်းဘက်စုံ သုံးနေရတဲ့အခြေအနေမှာ တစ်ရက်ခြားပဲထွက်ရမယ်၊ စုံရက် မကား မထွက်နဲ့၊ မရက် စုံကားမထွက်နဲ့ဆိုတာ ကျွန်တော်တို့မှာ ဖိအားတွေအများကြီးရှိတယ်။ အရေးယူမှုလည်းရှိတော့ သုံးသောင်းဒဏ်ရိုက်တယ်ဆိုပေမယ့်လည်း အဖမ်းဆီးခံရလို့ရှိရင် အတော်ကို အလုပ်ရှုပ်တယ်။ ရဲတွေကလည်း ဒီစုံ/မ နဲ့ ပတ်သက်ရင် ဖမ်းတာ ဝီခေါ်နေတာပဲ။ ခုထိ ဖမ်းဆီးနေတာတွေ ကြားနေတွေ့နေရတယ်။ ရန်ကုန်မှာတောင် ဒီ စုံ/မ စနစ်နဲ့ ကား ထောင်ချီ အရေးယူခံထားရတယ်။ ကျွန်တော်တို့ စုံ/မကြောင့် ကိုယ်ပိုင်ကားတွေ မသုံးရတော့ တက္ကစီ သုံးမယ်ဆိုရင် ရိုးရိုးကိုယ့်ကားနဲ့ ကိုယ်သုံးလို့ကုန်မယ့် ဆီပမာဏထက် Taxi သုံးတဲ့အခါမှာ ကုန်ကျစရိတ်က ပိုများတယ်။ ဒါက အားလုံးလည်း ထောက်ပြနေကြတယ်။ မကြာမီ ကျောင်းဖွင့်တော့မယ်ဆိုတော့ကလေးတွေ ကျောင်းပို့/ကျောင်းကြို လုပ်ရမှာ တော်တော်ကို ခက်ခဲပါတယ်။ ကိုယ့်ကားနဲ့ကိုယ်မလုပ်နိုင်လို့ ဖယ်ရီနဲ့သွားမယ်ဆိုတော့လည်း ဖယ်ရီခတွေက ဈေးတွေအတော့်ကိုတက်တယ်။ ဒီနှစ်ဆို ဈေးတက်တော့မယ်။ အရင် သုံးသိန်းလောက်ပေးရတာကနေ လေးသိန်းခွဲ ငါးသိန်း၊ တချို့ကျောင်းတွေဆို မြို့နယ်ပေါ်မူတည်ပြီး ခြောက်သိန်းထိ ပေးရတာတွေရှိတယ်။ ဒီဈေးနှုန်းနဲ့ ဘယ်လိုမှ မခံနိုင်ဘူး။ ဒီစုံ/မ စနစ်ကြောင့် ဒီ ဖယ်ရီကို ပိုသုံးတာများလာမယ်။ ဆီကလည်း အကန့်အသတ်နဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖယ်ရီဈေးတွေလည်းတက်မှာ သေချာတယ်။ ဒါတွေကြောင့် ဒီစုံ/မ စနစ်ကအခက်အခဲတွေဖြစ်တယ်လို့ ထောက်ပြနေကြတာဖြစ်တယ်။ အခုအစိုးရသစ်ကလည်း ရက်၁၀၀ စီမံကိန်းနဲ့ပတ်သက်လို့ ဘာတွေလုပ်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာလို့ ဘာလုပ်မယ် စသဖြင့် ပြောသွားတာတွေ့ရတယ်။ ဒါပေမဲ့ကျွန်တော်တို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ ဆိုရင် လူတွေကအခက်အခဲနဲ့ ဒုက္ခရောက်ရတဲ့ ဒီစုံ/မစနစ်ကိုပဲ မြင်ယောင်ကြမယ်။ အစိုးရရဲ့ ရက် ၁၀၀ လုပ်ဆောင်ချက်မှာ စုံ/မစနစ်ကပဲ ပြောစရာ talking point ဖြစ်နေမယ်။ အရင် ဦးသိန်းစိန် လက်ထက်တုန်းက ရက် ၁၀၀ မှာ ဆန်ဈေးတွေကျအောင် လုပ်ပေးမယ်ပြောခဲ့တယ်။ တကယ်ထင်သလိုမဖြစ်လာတော့ ဝေဖန်ခံရတာတွေရှိတယ်။ NLD အစိုးရတုန်းကလည်း ဒီလိုပဲ စီးပွားရေးဝန်ကြီး ဦးကျော်ဝင်းပြောတဲ့ ရက် ၁၀၀ အတွင်းမှာမြန်မာ့စီးပွားရေး လေယာဉ်ပျံလို တက်သွားမယ်ဆိုတော့ ဟာသတွေဖြစ်ကုန်တယ်။ အခုလည်း အစိုးရသစ် ရက် ၁၀၀ ကို တခြားပြောမယ့်ဟာတွေထက် စုံ/မ စနစ် အခက်အခဲတွေကို မြင်ကြပြောကြရင် မကောင်းပါဘူး။ ဒီစုံ/မစနစ်ကို ပြန်ဖျက်ပေးသင့်ပြီလို့ မြင်တယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။















