ဖလမ်းမြို့တွင် အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူယနေ့(မေ ၆ ရက်)တွင် ရောက်ရှိသွားကြောင်း သိရသည်။
ဖလမ်းဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ နှင့်အတူ ယနေ့(မေ ၆ ရက်)နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိလာကြရာ ဒေသခံတိုင်းရင်းသား ပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုးထား သည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဖလမ်းမြို့အား ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး
ဖလမ်းမြို့နယ်တစ်ဝိုက်အား သောင်းကျန်းသူများ ယာယီစိုးမိုးထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လက်ရှိတွင် ဒေသခံတိုင်းရင်းသား ပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။
ဖလမ်းမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လူမှု စီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည်နေထိုင် နိုင်ရေးအတွက် သောင်းကျန်းသူများ ယာယီစိုးမိုးထားစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် သောင်းကျန်းသူများလုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများ အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် တပ်မတော်စစ်ကြောင်းများသည် ဖလမ်းမြို့အတွင်း သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများကလည်း လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။















