မော်ရိုကိုနိုင်ငံတောင်ပိုင်းတွင် စစ်ရေးလေ့ကျင့်မှုအတွက် တာဝန်ကျနေစဉ် ပျောက်ဆုံးသွားသည့် အမေရိကန်စစ်သည်နှစ်ဦးကို ပင်လယ်ကမ်းပါးယံများအနီးတွင် နောက်ဆုံးတွေ့ခဲ့ရပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားဖွယ်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါစစ်သည်နှစ်ဦးသည် အမေရိကန်ကြည်းတပ်မှဖြစ်ပြီး တောင်တက်ခရီးထွက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ “စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေရင်း ပျောက်သွားတာမဟုတ်ပါဘူး။ အဲဒီနေ့က စစ်ရေးလေ့ကျင့်ခန်းတွေ ပြီးဆုံးသွားလို့ အနားယူတဲ့အနေနဲ့ တောင်တက်ခရီးထွက်ရင်း ပျောက်သွားတာလို့ သိရတယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။
မော်ရိုကိုတွင် African Lion နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်နေခြင်းဖြစ်ပြီး ပျောက်ဆုံးသည့် စစ်သည်နှစ်ဦးကို ရဟတ်ယာဉ်များ၊ သင်္ဘောများ၊ တောင်တက်ကယ်ဆယ်ရေးအဖွဲ့များနှင့် ရေငုပ်သမားများ လိုက်လံရှာဖွေနေကြသည်။
စစ်သည်နှစ်ဦးကို Cap Draa လေ့ကျင့်ရေးနယ်မြေအနီးက ပင်လယ်ကမ်းပါးယံများအနီး နောက်ဆုံးတွေ့ခဲ့ရပြီး သတ်မှတ်ချိန်အတွင်း ပြန်ရောက်မလာသည့်အတွက် အမေရိကန်နှင့် မော်ရိုကိုတပ်ဖွဲ့ဝင်များက ချက်ချင်းလိုက်ရှာကြသည်ဟု သိရသည်။
၂၀၀၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် African Lion စစ်ရေးလေ့ကျင့်မှုသည် အာဖရိကတိုက်အတွင်း နှစ်စဉ်ပြုလုပ်သည့် အမေရိကန်၏ အကြီးဆုံး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အမေရိကန်နှင့် အာဖရိကမဟာမိတ်နိုင်ငံများမှ အဆင့်မြင့်စစ်ဘက်အရာရှိကြီးများ ပါဝင်လေ့ရှိသည်။
၂၀၁၂ ခုနှစ်ကလည်း မော်ရိုကိုတောင်ပိုင်း အာဂါဒီယာမြို့တွင် African Lion စစ်ရေးလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။
Ref: AP















