■ Miss Grand Myanmar ပြိုင်ပွဲတွင် မယ်သီလရှင်ပုံစံဖြင့် ပြိုင်ပွဲဝင်ခဲ့သည့် တာချီလိတ်အလှမယ် ဝေဖန်ခံနေရ

■ Miss Grand Myanmar ပြိုင်ပွဲတွင် မယ်သီလရှင်ပုံစံဖြင့် ပြိုင်ပွဲဝင်ခဲ့သည့် တာချီလိတ်အလှမယ် ဝေဖန်ခံနေရ
Published 5 May 2026

■ ဘာသာ၊ သာသနာကို စော်ကားခြင်းဖြစ်သည်ဟု လူအများစု ဝေဖန်နေ

■ တာချီလိတ်အလှမယ်၏ သီလရှင်ဝတ်စုံမှာ အစမ်းလေ့ကျင့်သည့်အချိန်တွင် မပါဝင်ခဲ့ဘဲ ပြိုင်ပွဲယှဉ်ပြိုင်ချိန်တွင် ပါဝင်လာခြင်းဖြစ်သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ဟု MGM ထုတ်ပြန်

Miss Grand Myanmar ပြိုင်ပွဲတွင် မယ်သီလရှင်ပုံစံဖြင့် ပြိုင်ပွဲဝင်ခဲ့သည့် တာချီလိတ်အလှမယ် ဝေဖန်ခံနေရကြောင်း သိရသည်။

မေ ၄ ရက်က ရန်ကုန်မြို့၊ The Eravati Sule Grand Yangon တွင် ကျင်းပခဲ့သည့် Miss Grand Myanmar 2026 ၏ National Costume ပြိုင်ပွဲတွင် တာချီလိတ်အလှမယ်က နားသမင်္ဂလာဖက်ရှင် ဆိုသည့် ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ရာတွင် မယ်သီလရှင် ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နားသမင်္ဂလာဖက်ရှင်ဆိုသည့် သရုပ်ဖော်ယှဉ်ပြိုင်ရာတွင် နားသမင်္ဂလာပြုလုပ်သည့် အခြေအနေများနှင့် မယ်သီလရှင်ဝတ်စုံဖြင့် နေထိုင်သည့်ပုံစံများဖြင့် သရုပ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ယှဉ်ပြိုင်ခဲ့မှုမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။

" ဒီဝတ်စုံက သာသနာနွယ်ဝင်တွေရဲ့တန်ဘိုးထားရတဲ့ဝတ်စုံပါ။ သာသနာနွယ်ဝင်ဆိုတာ ဘိက္ခုနီမဟုတ်ပေမဲ့ ဘုရားသမီးတော်လို့ ခံယူပြီး ဘုရားအဆုံးအမနဲ့အညီ ပရိယတ်၊ ပဋိပတ်ကို သင်အံ လေ့ကျင့်ပြီး လူ့ဘောင်က စွန့်ခွာလာခဲ့သူတွေပါ။ ဒီ သာသနာဝင်တွေရဲ့ဝတ်စုံက ဒီလို အပျော်တမ်းဝတ်ပြီး ပြိုင်ရမယ့်၊ မရိုမသေလုပ်ရမယ့် အဝတ်မဟုတ်ပါဘူး။ သာသနာရေးရော အာဏာရေးရော ပေါက်ရောက်သူ ဆရာတော်များ၊ ဆရာကြီးများအား ရိုသေစွာတောင်းဆိုပါရစေဘုရား။ ဒီအမျိုးသမီးဟာ ဗုဒ္ဓဘာသာ အမည်ခံတစ်ယောက်ဖြစ်မှာ အသေချာပါ။ ကိုယ့်ဘာသာ သာသနာကို ကိုယ့်ဘာသာအမည်ခံတွေ စော်ကားတာ ရင်နာစရာ အကောင်းဆုံးမို့ ထိရောက်စွာ အပြစ်ပေးနိုင်အောင်ကြိုးစားပေးဘို့ တောင်းဆိုပါရစေဘုရား။ စီစဉ်သူ ခွင့်ပြုသူ အားလုံးကိုပါ အပြစ်ရှိမှန်းသိအောင်လုပ်ပေးကြပါဘုရား။ စိတ်ပျက်ဘို့ ကောင်းလိုက်တာ၊ ရွံစရာကောင်းလိုက်တာ။ အော် စိတ်ရှုပ်စရာများတဲ့လောက" ဟု မခေမာအမည်ရှိ သီလရှင်တစ်ပါးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့ပြင် အဆိုပါ ပြိုင်ပွဲဝင်မှုပုံစံကို တင်ရှိထားသည့် အနုပညာသတင်းပေ့ချ်များတွင်လည်း ဝေဖန်မှတ်ချက်ပြုထားသူများကိုလည်း တွေ့ရသည်။

" နားသဝတ်စုံထိ လက်ခံပေးလို့ရသေးတယ်။ မယ်သီလရှင်ဝတ်စုံကြီးနဲ့ ပုတီးကြီးကိုင်ပြီး ကျလွန်တာပေါ့" ဟု အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုထားသည်။

အဆိုပါပြိုင်ပွဲအား National Director အဖြစ် တာဝန်ယူထားသည့် မရန်ဆိုင်းနော်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်းပန်ကြောင်း မီဒီယာအချို့ကို ပြောကြားထားသည်။

" ဗုဒ္ဓဘာသာဝင်အားလုံး စိတ်ထိခိုက်ရလို့ ဒီအမှားတွေ အားလုံးက ကျွန်တော့်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သူ့ကိုကျ ခံဝန်လည်း ပြန်ထိုးခိုင်းပါမယ်။ နောက်များမှာ ဒီလိုမလုပ်ရအောင်လို့ နောက်ပွဲတွေမှာလည်း ဒီလိုမဖြစ်ရအောင်ပေါ့။ ပြီးတော့ စာချုပ်ပါအတိုင်း သူ့ကိုအရေးယူသွားမှာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်းကို အနူးအညွတ်မေတ္တာရပ်ခံ တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ ခွင့်လွှတ်နားလည်ပေးပါ။ နောက်များမှာလည်း မဖြစ်စေရအောင် ကျွန်တော်သေချာစိစစ်ပြီးတော့လုပ်ဆောင်သွားပါမယ်" ဟု မရန်ဆိုင်းနော်က ပြောကြားသည်။

မယ်သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ် အိမွန်လွင်က " ညီမက နားသဝတ်စုံလေးဝတ်ပြီးတဲ့အချိန်မှာ သီလရှင်ဝတ်ပြီး ထွက်ခဲ့တယ်။ ထွက်တဲ့အချိန်မှာလည်း ညီမဟော့ဟော့ရမ်းရမ်း လုပ်ခဲ့တာမျိုးလည်းမရှိဘူး။ ညီမ ပုတီးလေးကိုင်တယ် တရားထိုင်တယ်။ ဘုရားရှိခိုးတယ်။ အလှူခံတယ်။ ဒီလောက်လေးပဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စော်ကားလိုစိတ်မရှိဘူး သာသနာရေးဝန်ကြီးဌာနကိုလည်း စော်ကားလိုစိတ်မရှိဘူး။ ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲ ညီမတို့ရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု တစ်ခုကို ချပြခဲ့တာပေါ့နော်။ တကယ်လို့ သူတို့အတွက် တကယ်အမှားဖြစ်နေခဲ့တယ်ဆိုရင်လည်း ညီမတောင်းပန်ပါတယ်" ဟု မီဒီယာအချို့ကို ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အလှမယ်ထက် ပွဲစီစဉ်သူကို ရှုတ်ချသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

" အဓိက miss ပြိုင်တဲ့သူထက် ပွဲစီစဉ်သူတွေကိုရူတ်ချတယ်။ ဒီလိုအနေထားဖြစ်ရင် ပွဲဆူမယ် ပရိတ်သတ်က ဆဲမယ် ဒါဆို အစီစဉ်ပေါက်မယ် ကြိုတွက်ထားလို့ စင်ပေါ်တင်ပေးလိုက်တာ။ စင်ပေါ်ဘယ်လိုနည်းနဲ့လျှောက်ပါစေ miss နဲ့ ဗုဒ္ဓဘာသာဆိုင်ရာဝတ်စုံက မသင့်တော်ပါဘူးရှင်" ဟု လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အလားတူ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း " မြန်မာပြည်မှာ တိုင်းရင်းသားတစ်ခုစီတိုင်း ရိုးရာယဉ်ကျေးမှုတစ်ခုစီရှိတယ်။ အဲ့လူတွေ တစ်ယောက်တစ်မျိုး ချပြရင်တောင် မကုန်ဘူး။ ဘာလို့ ဘာသာရေးကိုနွယ်တာလဲ စဉ်းစားလို့မရဘူး။ လက်ခံတဲ့အစည်းအရုံးကလဲ အဆင့်မရှိတာလဲပါတယ်" ဟု ဝေဖန်ရေးသားထားသည်။

လက်ရှိတွင်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ ဆက်လက်မြင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Miss Grand Myanmar က သတင်းထုတ်ပြန်ရာတွင် တာချီလိတ် အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်လိုက်သည်ဟု ကြေညာခဲ့သည်။

Miss Grand Myanmar ပွဲစဉ်ကြီးကို ကျင်းပရာတွင် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများ အားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ကြောင်း၊ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များအား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း ထုတ်ပြန်သည်။

 ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရာတွင် မေ ၃ ရက်နေ့တွင် တစ်ကြိမ်၊ မေ ၄ ရက်နေ့ ညနေ ၃ နာရီတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ Full Rehearsal ပြုလုပ်ရာ ထိုသို့သော Performance လုံးဝ မပါဝင်ကြောင်း ပြိုင်ပွဲဝင်အလှမယ်များ၊ Staff များ၊ Production Crew များ အားလုံး မျက်မြင်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသော တာချီလိတ်အလှမယ်ကိစ္စနှင့် ပတ်သက်၍ Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကြိုတင် ပြသထားခြင်း မရှိခြင်း၊ မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင်အကြောင်းကြားထားမှု မရှိခြင်း၊ စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်း၊ မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်သည်ဟု ရေးသားဖော်ပြထားသည်။

ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization မှ ထပ်မံအနူးအညွတ်တောင်းပန်ပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်စေရတော့ကြောင်း အာမခံပါသည်ဟုMiss Grand Myanmar Organization က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း သရုပ်ဆောင်နေမျိုးအောင်၏ ချွေးမဖြစ်သူ DJ Violet မှာ DJ Bar တွင် ဗုဒ္ဓနှင့်ပတ်သက်သည့် သီချင်းတပုဒ်ကို DJ ဖြင့် တီးခတ်ပြီး ဖျော်ဖြေမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်။ 

 

Most Read

Most Recent