ထိုင်းနိုင်ငံ ကော့ဖငန်ခရိုင်ရှိ ကလေးထိန်းဌာနတစ်ခုကို ဝင်ရောက်စစ်ဆေးရာ ခွင့်ပြုချက်မဲ့ မြန်မာလုပ်သား လေးဆယ်ကျော်နှင့် အစ္စရေးကလေးငယ်များကို တွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
နိုင်ငံခြားသားများသည် ထိုင်းဥပဒေကို ချိုးဖောက်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟူသော တိုင်ကြားမှုများအပြီး မေ ၂ ရက်တွင် စစ်သားများ၊ ရဲများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် ဆူရတ်ဌာနီ ကော့ဖငန် ခရိုင်ရှိ အဆိုပါကလေးထိန်းဌာနတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြသည်။
လိုင်စင်စာရွက်စာတမ်းများအရ အဆိုပါစင်တာသည် အသက် ၂ နှစ်မှ ၅ နှစ်ကြား ကလေး ၁၈ ဦးကို ပြုစုစောင့်ရှောက်ရန် ဆူရတ်ဌာနီပြည်နယ် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးရုံးမှ ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။
သို့သော် စစ်ဆေးမှုအရ အသက် ၂ နှစ်မှ ၁၂ နှစ်ကြားရှိ အစ္စရေးကလေးငယ်နှင့် လူငယ် ၈၉ ဦးကို နေရာတွင် တွေ့ရှိခဲ့ပြီး ခွင့်ပြုထားသော အရေအတွက်ထက် များစွာကျော်လွန်နေကြောင်း ထိုင်းအာဏာပိုင်များကပြောကြားခဲ့သည်။
ထို့အပြင် မြန်မာလုပ်သား ၄၀ ဦးကိုလည်း တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ ထွက်ပြေးသွားသည်ဟုဆိုကာ အခြားနိုင်ငံသား ၁၂ ဦးကိုလည်း တွေ့ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသူများအားလုံးကို ထိုင်းဥပဒေချိုးဖောက်မှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။















