ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံးမီးဘေးသင့်ခဲ့ကြောင်း သိရသည်။
မေလ(၂)ရက်နေ့ ၊ နေ့လည်(၁၂)နာရီခန့်အချိန်က တလုတ္ထော်မြို့၊ အမှတ်(၂) သမိုင်းရပ်ကွက်၌ အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အဘွားကြီးတစ်ယောက်ထဲရှိနေချိန်ဆိုပေမယ့်ခြံထဲမှာ ရေချိုးနေချိန်မို့ တော်သေးတယ်။ ကျန်တဲ့မိသားစုဝင်တွေကလည်း ဟင်္သာတကို ဆေးခန်းသွားနေချိန်မို့ မရှိကြဘူး။ အဘွားကြီးအိမ်က စလောင်တဲ့သဘောပေါ့။ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။ မီးသတ်ကားရောက်တာမြန်လို့တော်သေးတယ်၊ နို့မို့ တခြားဘေးအိမ်တွေပါဆက်ပြီးမီးကူးနိုင်တယ်။ ဒေသခံတွေ၊ ဒီကအဖွဲ့တွေအပြင် ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းလည်း လာရောက်ကူညီပါတယ်”ဟု ဒေသခံ ကိုဟာဆန်ကဖြေကြားသည်။
ယင်းဖြစ်စဉ်၌ တစ်ခြံထဲရှိ လူနေအိမ်နှစ်လုံးမီးလောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုဖြေကြားသည်။
ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟင်္သာတနှင့် တလုတ္ထော်မှ မီးသတ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ငြှိမ်းသတ်ပေးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
■ အောင်ကျော်မျိုး















