ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုပေါင်း ၂၈၇ ခုရှိ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုပေါင်း ၂၈၇ ခုရှိ
Published 1 May 2026
Ref;AFP

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုပေါင်း ၂၈၇ ခု လက်ခံရရှိထားကြောင်း နော်ဝေးနိုဘယ်လ်အင်စတီကျုက ဧပြီ ၃၀ တွင် ကြေညာခဲ့သည်။

အဆိုပါစာရင်းတွင် တစ်ဦးချင်းပုဂ္ဂိုလ် ၂၀၈ ဦးနှင့် အဖွဲ့အစည်း ၇၉ ခု ပါဝင်သော်လည်း မည်သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

၂၀၁၆ ခုနှစ်က စံချိန်တင်ခဲ့သည့် အမည်စာရင်းတင်သွင်းမှု ၃၇၆ ခုထက် နည်းပါးသော်လည်း အရေအတွက်မှာ တစိုက်မတ်မတ် မြင့်မားနေဆဲဖြစ်ကြောင်း အင်စတီကျုက ပြောကြားခဲ့သည်။

“ပဋိပက္ခတွေ ပိုမိုများပြားလာတဲ့ ကမ္ဘာကြီးမှာ ပိုမိုတောက်ပတဲ့ အနာဂတ်ဆီကို ဦးတည်တဲ့ မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ်ပြုမှုတွေနဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေရှိတဲ့ လျာထားခံရသူတွေ မရှားပါဘူး” ဟု အင်စတီကျုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဘယ်လ်ဥပဒေများအရ အမည်စာရင်းတင်သွင်းခံရသူများ၏မည်သူဖြစ်ကြောင်း အချက်အလက်ကို နှစ်ပေါင်း ၅၀ ကြာသည်အထိ လျှို့ဝှက်ထားရမည်ဖြစ်သည်။

သို့သော်လည်း ယခင်ဆုရရှိဖူးသူများ၊ နိုင်ငံအသီးသီးမှ လွှတ်တော်အမတ်များနှင့် အစိုးရဝန်ကြီးများ၊ တက္ကသိုလ်ပါမောက္ခအချို့ အပါအဝင် အမည်စာရင်းတင်သွင်းခွင့် ရှိသူများသည် ၎င်းတို့အဆိုပြုထားသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအမည်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။

 

Most Read

Most Recent