တောင်ငူမြို့ သမိုင်း၀င်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်နေ့) ညနေပိုင်းက ကျင်းပခဲ့ပြီး တောင်ငူမြို့တွင်းလမ်းများတွင် လှည့်လည်ခဲ့ကြကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းပွဲကျင်းပရာတွင် တောင်ငူမြို့ပေါ် ရပ်ကွက် (၂၃) ခုမှ စုပေါင်းပါဝင်သော မင်္ဂလာစည်တော်ကြီးနှင့်စည်တော်ကြီးအက၊သာသနာ့အလံကိုင် ဘုရားပင့်ဆောင်ရေးအဖွဲ့၊မင်္ဂလာဆင်တော်အကအဖွဲ့ ၊ဓမ္မစင်္ကြာ၀တ်အသင်းအဖွဲ့များ၊ ရပ်ကွက်အလိုက် ကဆုန်ညောင်ရေသွန်းအဖွဲ့များ၊ ဘာသာရေး လူမှုရေး အသင်းအဖွဲ့များနှင့် လုံခြုံရေးအသင်းအဖွဲ့များ အပါအ၀င် အင်အား ၁၀၀၀ ၀န်းကျင်ခန့်တို့ဖြင့် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်မှ စတင်ထွက်ခွာ၍ တောင်ငူမြို့တွင်းလမ်းများတွင် စီတန်းလှည့်လည် ခဲ့ကြခြင်းဖြစ်ပြီး မြို့တွင်းလမ်းများ၌ စီတန်း လှည့်လည်ရာတွင် လမ်းတစ်လျှောက် မြို့သူ/မြို့သားများက အအေးနှင့်မုန့်များအား ကုသိုလ်ယူ လှူဒါန်းပေးကြကြောင်းသိရသည်။
တောင်ငူမြို့တွင်းလမ်းများ၌ ကဆုန်ညောင်ရေသွန်းလှည့်လည်ပြီးနောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ ပြန်လည်ရောက်ရှိကာ ကဆုန်ညောင်ရေသွန်းအဖွဲ့များနှင့်အတူ ကဆုန်လပြည့်နေ့ ရွေဆံတော်စေတီတော်သို့ ဘုရားဖူးလာကြသူများက ကဆုန်ညောင်ရေသွန်းလောင်းကြကြောင်း သိရသည်။
တောင်ငူမြို့ သမိုင်း၀င်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဒပူဇနိယနှင့်ကဆုန်ညောင်ရေသွန်းပွဲတော်အား ၊ ဧပြီ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ၁၅ ရက်ကြာ ရက်ရှည်ကျင်းပလျှက်ရှိရာ ပွဲတော်စျေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်ခန့် ခင်းကျင်းရောင်းချလျှက်ရှိပြီး ၊ အထက်အညာဒေသ သနပ်ခါးသည်များ၊စက်ရုံအလုပ်ရုံထွက်ဆေးပစ္စည်းများ၊ကြွေထည်မြေထည်ပစ္စည်းများ၊ အနယ်နယ်အရပ်ရပ်မှဒေသထွက်ပစ္စည်းများ၊ ကြေးခုံသံခုံများ၊အ၀တ်အထည်လေဘေးသည်များ၊ ဧရာ၀တီဒေသထွက်ဖျာနှင့်ဟာလဝါမုန့်များ၊ကလေးကစားကွင်းများ၊ချားရဟတ်များ၊ ပျော်ပွဲရွှင်ပွဲများအပါအ၀င် ဇာတ်ကပွဲများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိကြောင်း သိရသည်။
တောင်ငူမို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဒပူဇနိယနှင့်ကဆုန်ညောင်ရေသွန်းပွဲတော်အား နှစ်စဥ် ကဆုန်လရောက်တိုင်း၊ ကဆုန်လပြည့်ရက်ကိုအလယ်ထား၍ ရှေ့(၇)ရက်၊ နောက်(၇)ရက် အပါအဝင် ရက်ရှည် ၁၅ ရက်ကြာ ကျင်းပခြင်းဖြစ်ပြီး အောက်မြန်မာပြည် ဘုရားပွဲတော်များအနက် နောက်ဆုံးကျင်းပသောဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
■ ဇော်၀င်းချစ်(တောင်ငူ)















