မန်စီးတီးရဲ့တောင်းဆိုမှုကို ပရီးမီးယားလိဂ်ငြင်းပယ်ပြီး လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို အတည်ပြု

မန်စီးတီးရဲ့တောင်းဆိုမှုကို ပရီးမီးယားလိဂ်ငြင်းပယ်ပြီး လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို အတည်ပြု
Photo: X
Photo: X
Published 29 April 2026

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်လက်ကျန်ပွဲတွေထဲက ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲတွေကို အပြောင်းအလဲလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းက ဘုန်းမောက်နဲ့ ကစားရမယ့်ပွဲကို FA ဖလားဗိုလ်လုပွဲမတိုင်ခင် ယှဉ်ပြိုင်ခွင့်ပြုဖို့နဲ့ ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲကို ဘုန်းမောက်ပွဲနေရာမှာ ယှဉ်ပြိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ငြင်းပယ်ခဲ့ပြီး ပဲလေ့စ်နဲ့ပွဲကို မေ(၁၃)ရက်၊ ဘုန်းမောက်နဲ့ပွဲကို မေ(၁၉)ရက်မှာ ယှဉ်ပြိုင်ကစားဖို့ပဲ အတည်ပြုခဲ့ပါတယ်။

ပဲလေ့စ်နဲ့ပွဲက မတ်လ(၂၂)ရက်မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ထဲက ပွဲကျန်ဖြစ်ပြီး လိဂ်ဖလားဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရတာပါ။

ပရီးမီးယားလိဂ်က အတည်ပြုလိုက်တဲ့ နောက်ဆုံးပွဲစဉ်ဇယားအရ မန်စီးတီးအသင်းဟာ မေ(၄)မှာ အဲဗာတန်နဲ့ အဝေးကွင်း၊ မေ(၉)မှာ ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်း၊ မေ(၁၃)မှာ ပဲလေ့စ်နဲ့ အိမ်ကွင်း၊ မေ(၁၆)မှာ ချယ်လ်ဆီးနဲ့ ဖလားဗိုလ်လုပွဲ၊ မေ(၁၉)မှာ ဘုန်းမောက်နဲ့ အဝေးကွင်း၊ မေ(၂၄)မှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲတွေ ယှဉ်ပြိုင်ကစားရမှာပါ။

ဒါကြောင့် မန်စီးတီးအသင်းအနေနဲ့ ရာသီလက်ကျန် ပွဲစဉ်(၆)ပွဲကို ရက်(၂၀)အတွင်း ယှဉ်ပြိုင်ကစားရမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့ အပြိုင်လုနေရတဲ့ အာဆင်နယ်ကတော့ မေ(၂)မှာ ဖူလ်ဟမ်နဲ့ အိမ်ကွင်း၊ မေ(၅)မှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့၊ မေ(၁၀)မှာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်း၊ မေ(၁၈)မှာ ဘန်လေနဲ့ အိမ်ကွင်း၊ မေ(၂၄)မှာ ပဲလေ့စ်နဲ့ အဝေးကွင်းပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ 

Most Read

Most Recent