အစ္စရေးအာဏာပိုင်များက ဂါဇာပြည်သူများ အသက်ရှင်သန်ရန်လိုအပ်သော ရေများ မရစေရန် စနစ်တကျလုပ်ဆောင်နေသည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဧပြီ ၂၈ ရက်တွင် သတိပေးလိုက်ပြီး ပါလက်စတိုင်းများကို စုပေါင်းအပြစ်ပေးသည့် စစ်ဆင်ရေးကို ရှုတ်ချသည်ဟု ဆိုသည်။
ဂါဇာ၌ အရပ်သားပြည်သူများ အသုံးပြုနေသော ရေအခြေခံအဆောက်အအုံများကို ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းနှင့် ရေမရအောင် လုပ်ဆောင်နေခြင်းတို့သည် အစ္စရေး လူမျိုးတုံးသတ်မှု၏အဓိက အစိတ်အပိုင်းဖြစ်သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ပြောကြားခဲ့သည်။
“လက်နက်အဖြစ် ရေ” ဟု ခေါင်းစဉ်တပ်ထားသော ထုတ်ပြန်ချက်တွင် MSF က ဖော်ပြခဲ့ရာ၌ ရေရှားပါးအောင် ကြံစည်လုပ်ဆောင်မှုသည် အရပ်သားများကို တိုက်ရိုက်သတ်ဖြတ်ခြင်း၊ ကျန်းမာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်နေသည်ဟု ဆိုသည်။
“ထိုအရာတို့နှင့်အတူ ဂါဇာရှိ ပါလက်စတိုင်းပြည်သူများဘဝအခြေအနေများကို တမင်ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ လူမဆန်အောင်လုပ်ခြင်းသဘောသက်ရောက်နေသည်” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ MSF က ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ကောက်ယူခဲ့သောအချက်အလက်များနှင့် ပြောဆိုမှုများကိုအခြေခံထား သည်ဟု ဆိုသည်။
“ရေမရှိရင် ဘဝဆုံးပြီဆိုတာကို အစ္စရေးအာဏာပိုင်တွေက သိပါတယ်” ဟု MSF အရေးပေါ်မန်နေဂျာ ကလဲယာဆန်ဖီလစ်ပိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဟုတ်ပါတယ်။ သူတို့က ဂါဇာမှာ ရေ မရအောင် စနစ်တကျ တမင်သက်သက် လုပ်နေတာပါ။ တစ်ဖက်မှာလည်း ရေနဲ့သက်ဆိုင်တာတွေ ဂါဇာကို ဝင်မလာအောင် တောက်လျှောက်ပိတ်ဆို့နေတာပါ” ဟု သူက ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာတွင် အစ္စရေးကို ဟားမာ့စ်၏တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် အစ္စရေးဆင်နွှဲခဲ့သောစစ်ပွဲကြောင့် ဂါဇာတွင် စစ်ဖြစ်ခဲ့သည်။ အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးကြောင့် ဂါဇာစစ်ပွဲ အများအားဖြင့် ရပ်သွားခဲ့သည်ဆိုသော်လည်း အစ္စရေးက ဆက်လက်တိုက်ခိုက်နေသောကြောင့် ဂါဇာကမ်းမြောင်သည် နေ့စဉ်တိုက်ခိုက်ခံရမှုများဖြင့် ဆက်လက်လုံးပန်းနေရသည်။ တစ်ဖက်တွင်လည်း အစ္စရေးနှင့် ဟားမာ့စ်တို့က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲနေကြသည်။
MSF ထုတ်ပြန်ချက်သည် အစ္စရေးက ဂါဇာရှိ ရေနှင့် ရေဆိုးနုတ်စနစ် အခြေခံအဆောက်အအုံ ၉၀ ရာခိုင်နှုန်း နီးပါးကို ဖျက်ဆီးပစ်သည် သို့မဟုတ် ပျက်စီးအောင် လုပ်သည်ဟုဖော်ပြသော ကုလသမဂ္ဂ၊ အီးယူ၊ ကမ္ဘာ့ဘဏ်တို့မှ ရရှိသောအချက်အလက်များကို ညွှန်ပြထားသည်။
“ရေသန့်ဖြစ်အောင် သန့်စင်ပေးတဲ့ စက်ရုံတွေ၊ ရေတွင်းတွေ၊ ပိုက်လိုင်းတွေ၊ အညစ်အကြေးစွန့်စနစ်တွေ မလည်ပတ်နိုင်အောင်၊ အသုံးပြုလို့မရနိုင်အောင် လုပ်ထားပါတယ်” ဟု ဖော်ပြထားသည်။
Ref:AFP















