ပူတင်က အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် အသင့်ဟုဆို

ပူတင်က အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် အသင့်ဟုဆို
Published 13 April 2026

နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းများဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိအောင် မိမိအနေဖြင့် ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်ထံ ဧပြီ ၁၂ ရက်က အသိပေးပြောကြားလိုက်သည်။

ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦး ဖုန်းဖြင့်ဆွေးနွေးမှုအတွင်း လက်ရှိပဋိပက္ခများကို နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းများဖြင့် အဖြေရှာနိုင်အောင် ကူညီပေး​ခြင်း၊ အရှေ့အလယ်ပိုင်းဒေသတွင်း တရားမျှတ၍ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိစေရန် ကြားဝင်စေ့စပ်ပေးခြင်းတို့အတွက် ရုရှားက အသင့်ရှိကြောင်း ပူတင်က အလေးပေးပြောကြားခဲ့သည်။

အီရန်နှင့်အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် နှစ်ဖက်စလုံးက အပစ်အခတ်များ ပြန်လည်မစတင်သေးဘဲ ကမ္ဘာ့ခေါင်းဆောင်များကငြိမ်းချမ်းရေးအတွက် သံတမန်လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းရန် နှစ်ဖက်စလုံးကို တိုက်တွန်းထားသည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်က အပြုသဘောဆောင်သည့် အဆိုပြုချက်များကို ၎င်းတို့ညှိနှိုင်းရေးအဖွဲ့က တင်ပြခဲ့သော်လည်း အမေရိကန်က အီရန်ကိုယ်စားလှယ်အဖွဲ့၏ ယုံကြည်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။အီရန်နှင့်အမေရိကန် နှစ်ဖက်သတင်းများအရ ဟော်မုဇ်ရေလက်ကြား အသွားအလာကို မည်သူက ထိန်းချုပ်မည် ၊ မည်သည့်သဘောတူညီမှုတွင်မဆို အီရန်က ယူရေနီယံသန့်စင်ခွင့် ရှိ၊ မရှိ ဆိုသည့်အချက်များတွင် သဘောတူညီမှု မရခဲ့ခြင်းဖြစ်သည်။

Ref: AFP

Photo: TASS

Most Read

Most Recent